ပြတိုက်အဆောက်အအုံတစ်ခုလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ရှိ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ အမျိုးသားပြတိုက် အဆောက်အအုံမှာ ဒေသစံတော်ချိန် စက်တင်ဘာ ၂ ရက် ညပိုင်းအချိန်က ကြီးမားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်



Photo: Reuters



ည ၇ နာရီခွဲဝန်းကျင်က ဘရာဇီးအမျိုးပြတိုက် (National Museum of Brazil) မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ပြတိုက်အဆောက်အအုံတစ်ခုလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပြတိုက်အတွင်း ရှေးဟောင်းသုတေသနဆိုင်ရာနဲ့ သမိုင်းဝင် အမှတ်တရပစ္စည်း သန်း ၂၀ ကျော်ကို ထိန်းသိမ်းစုဆောင်း ပြသထားတယ်လို့ သိရပါတယ်။

Photo: Reuters



မီးလောင်မှုဖြစ်ခဲ့တဲ့ ပြတိုက်အဆောက်အအုံဟာ တစ်ချိန်က ပေါ်တူဂီတော်ဝင်မိသားစုတွေ နေထိုင်ခဲ့ကြပြီး ယခုနှစ် အစောပိုင်းမှာ သက်တမ်း ၂၀၀ ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ ရီယိုဒီဂျနေရို အာဏာပိုင်တွေက ပြောပါတယ်။

ဘရာဇီး ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသခဲ့မှုအရ အမျိုးသားပြတိုက် အဆောက်အအုံမှာ အကြီးအကျယ် မီးလောင်နေခဲ့တာကို တွေ့ရပါတယ်။

Photo: Reuters



ဘရာဇီးသမ္မတ မိုက်ကယ်တီမာက အမျိုးသားပြတိုက်မီးလောင်မှုဟာ ဘရာဇီးလူမျိုး အားလုံးအတွက် ဝမ်းနည်းဖွယ်ရာနေ့ ဖြစ်တယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ 'ကျွန်တော်တို့ရဲ့သမိုင်းတန်ဖိုးက ဒီအဆောက်အအုံပျက်စီးမှုနဲ့ တိုင်းတာလို့မရနိုင်ပါဘူး' လို့ သမ္မတတီမာက ပြောခဲ့ပါတယ်။

အမျိုးသားပြတိုက်ကို ၁၈၁၈ ခုနှစ်မှာ စတင်တည်တောင်ခဲ့ပြီး ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ အသုံးအဆောင်တွေနဲ့ ဘရာဇီးမှာတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး လူသားကျောက်ဖြစ်ရုပ်ကြွင်း အပါအဝင် ရှေးဟောင်းသုတေသနနဲ့ သမိုင်ဆိုင်ရာ ပစ္စည်းတွေကို စုဆောင်းပြသထားပါတယ်။

မီးလောင်မှုဖြစ်ခဲ့သည့် ဘရာဇီး အမျိုးသားပြတိုက် (Photo: Wikipedia)



အဆိုပါပြတိုက်ရှိ သဘာဝသမိုင်းဆိုင်ရာ စုဆောင်းပြသထားမှုများအနက် အရေးပါတဲ့ ဒိုင်နိုဆောက်အရိုးစုတွေနဲ့ နှစ်ပေါင်း ၁၂,၀၀၀ သက်တမ်းရှိ အမျိုးသမီးတစ်ဦးရဲ့ အရိုးစုလည်း ပါဝင်ပါတယ်။ အဆိုပါ လူသား ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုဟာ အမေရိကမှာ တွေ့ရှိခဲ့ရသမျှ သက်တမ်းအရင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က