ခါရာနဲ့ ထူးအောင်တို့ နှစ်ယောက်ပေါင်းပြီး အက်ရှင်ဇာတ်ကားတွေ ရိုက်ဖို့စီစဉ်နေတယ်လို့ ခါရာက ပြောပါတယ်။ လက်ရှိမှာလည်း သူတို့ နှစ်ယောက်စလုံးဟာ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြသူတွေဖြစ်ပါတယ်။
ခါရာနဲ့ ထူးအောင်တို့ သူငယ်ချင်းနှစ်ယောက်ကိုလည်း အက်ရှင်ဇာတ်ကားကောင်းကောင်းလေးနဲ့ မြင်တွေ့ရဖို့ရှိသေးတယ်လို့ ခါရာက ပြောပါတယ်။ နှစ်ယောက်စလုံးကလည်း အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အခိုင်အမာ ရရှိထားတယ်လို့ Duwun media ကနေ ပြောပြလာပါတယ်။
‘’ နောက်ပိုင်းတော့ Project တွေ အတူတူလုပ်ဖို့ရှိတယ်။ အက်ရှင်ဆိုရင်လည်း ကျွန်တော်တို့ နှစ်ယောက်ပေါင်းလိုက်ပြီဆိုရင် ဇာတ်လမ်းလည်းကောင်းပြီး ဒီ့ထက်ပိုကြမ်းတဲ့ အရာတွေမှ ရတော့မှာလေ။ ဒါတွေကို အကောင်းဆုံးချပြနိုင်ဖို့၊ ကောင်းကောင်းလေး ကြမ်းပြနိုင်ဖို့ကို ကျွန်တော်တို့တွေ ကြိုးစားသွားမှာပါ’’ လို့ သူကဆိုပါတယ်။
လက်ရှိရုံတင်ပြသလျှက်ရှိတဲ့ ‘’Lady Boy’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထူးအောင်ကို သူငယ်ချင်းဖြစ်သူ ခါရာက ဝန်းရံပေးခဲ့တာ တွေ့ရပါတယ်။ ထူးအောင်ရဲ့ အက်ရှင်တွေကလည်း စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ဆိုပါတယ်။
‘’ ကျွန်တော့် ဘော်ဒါကြီးကို လာအားပေးတာပေါ့နော်။ သူ့ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေက တော်တော်မိုက်တယ်လေ။ ထွေလာမှာ ကြည့်ကတည်းက ကြွေနေတာ။ ကျွန်တော့် PA ကတော့ ကြည့်ပြီးပြီ။ သူက အရမ်းမိုက်တယ်တဲ့။ ပြီးတော့ ဒီဇာတ်ကားလေးမှာ ထူးခြားတာက အက်ရှင်နဲ့ ဟာသ ရောထားတာဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာပေါ့နော်’’ လို့ ဆိုပါတယ်။
Photo: Htoo Aung
အဲဒီနောက် သူငယ်ချင်းဖြစ်တဲ့ ခါရာရဲ့ အားပေးစကားတွေကိုလည်း ထူးအောင်က ကျေးဇူးတင်ကြောင်းပြောလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြဲတမ်း အားပေးဖြစ်တယ်လို့ ဆိုပါတယ်။
‘’ သူက အက်ရှင်မင်းသားကြီးပေါ့နော်။ ပြောရမယ်ဆိုရင် သူက မြန်မာနိုင်ငံမှာဆိုရင် အက်ရှင်လိုင်းကို ထိုးဖောက်နေတဲ့ မင်းသားပေါ့နော်။ သူငယ်ချင်းအချင်းချင်းလည်း Support လုပ်ပေးတာပေါ့နော်။ သူတို့ ဇာတ်ကားတွေ ဆိုရင်လည်း ကျွန်တော်တို့ Support လုပ်ပေးပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က Lady Boy Famly Show ကို လာရင်း ဖြေဆိုခဲ့တာပါ။
Photo: Myo Htut Naing
ခါရာက လက်ရှိမှာ ပရိသတ်အားပေးမှု အများကြီးရရှိလာတဲ့ မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။ ‘’မျက်နှာပြင်များ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာသူတစ်ယောက်ပါ။ ထူးအောင်ကလည်း လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း စီနီယာ အနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။