ပိုင်တံခွန်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံနေရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ထိုင်းကပရိသတ်တွေရဲ့ အားပေးမှုကလည်း လုံးဝကို အံ့သြဖို့ ကောင်းလှပါတယ်။
Photo : ပိုင်တံခွန်
ပြည်တွင်းပြည်ပ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်ကတော့ နှစ်နိုင်ငံက ပရိသတ်တွေကြား ဗျာများခဲ့ရတဲ့ အချိန်လေးတွေ ရှိတယ်လို့ ဆိုပါတယ်။
“နည်းနည်းတော့ ဗျာများတယ်။ ပြည်တွင်းက ပရိသတ်တွေက ပြည်ပကို သွားတဲ့အခါကျရင် တစ်ချိန်လုံး ဟိုမှာ ပဲ နေမှာလား ဟိုကလူနဲ့ပဲ ယူတော့များလားဆိုပြီး သဝန်တွေ တိုကြတယ်။ ကျွန်တော့်မှာလည်း မြန်မာပြည် ပြန်လာ မြန်မာပရိသတ်တွေ ချော့ရ ထိုင်းကို ပြန်သွားရင် ထိုင်းက ပရိသတ်တွေ ချော့ရနဲ့ အဲ့လိုမျိုးပေ့ါ။ ဒါပေမယ့် ဝမ်းသာပါတယ်။ ကိုယ့်ကို ချစ်လို့ဖြစ်ဖြစ် မုန်းလို့ ဖြစ်ဖြစ် စိတ်ထဲ ရှိရင်ပဲ ဝမ်းသာနေပြီလို့ “ စက်တင်ဘာ (၁၀) ရက်နေ့က ပြုလုပ်တဲ့ မှောင်တိုက် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးရင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo : ပိုင်တံခွန်
အဲဒီလိုမျိုး ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခြင်း ခံနေရတဲ့ သူ့ရဲ့ အချစ်ရေးကလည်း မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စားစရာအချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မိန်းကလေးကို ချစ်သူအဖြစ် ရွေးမလား မြန်မာနိုင်ငံက မိန်းကလေးကို ချစ်သူအဖြစ် ရွေးမလားဆိုတာကို အင်တာဗျူးတိုင်း အမေးခံရတယ်လို့ သူက ဆိုပါတယ်။
“ထိုင်းက မီဒီယာတွေက မေးကြတယ်။ အဲလိုမရှိပါဘူးလက်ရှိကတော့ အလုပ်နဲ့ ဖြတ်သန်းတယ်။ရည်းစားလည်း တစ်ယောက်မှာ မရှိဘူး။ ခိုးပြီးတွဲနေတာလည်း တစ်ယောက်မှာ မရှိဘူး။ ဒါအပွင့်လင်းဆုံးပြောတာပါ။ ကိုယ်ချစ်လာပြီဆိုရင်တော့ အဲဒီမိန်းကလေးက ဗမာပဲ ဖြစ်ဖြစ် ကိုယ်သဘောကျရင်တော့ ချစ်သွားမှာပေ့ါ။ ဘယ်သူဖြစ်ဖြစ်” လို့ သူက ဆိုပါတယ်။
Photo : ပိုင်တံခွန်
ပိုင်တံခွန်က ထိုင်းနိုင်ငံကို သွားတဲ့ အချိန်မှာ စိတ်ချမ်းသာစရာတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဦးစားပေးကြလွန်းလို့လည်း ဝမ်းသာတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက မှောင်တိုက်ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’သူတို့နိုင်ငံရောက်တုန်းကဆိုရင် သူများတွေထက် အရမ်းဦးစားပေးခံခဲ့ရတယ်။ ဥပမာ စားသောက်ဆိုင်ထဲသွားမယ်ဆိုရင်တောင်မှ ကိုယ့်အတွက်နေရာ သီးသန့်လေးက အစပေါ့နော်။ အကုန်ကောင်းတယ်ဗျာ။ အကုန်လုံးထဲမှာမှ အရှေ့ဆုံးမှာထားပြီးတော့ ဦးစားပေးခံထားရတာ အဲဒါလေးတစ်ခုတော့ ဝမ်းသာပါတယ်’’ လို့ သူကဆိုပါတယ်။
Photo : ပိုင်တံခွန်
ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။
Share