တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ၁၇ နှစ်ကြာ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးကို ဒရုန်းများသုံးပြီး ၎င်းပုန်းအောင်းနေတဲ့ ဂူကို ထောက်လှမ်းရှာဖွေကာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
(Photo: Yongshan Police/Weibo)
အသက် ၆၃ နှစ်အရွယ် Song Jiang ကို အမျိုးသမီးနဲ့ ကလေးများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ပေမဲ့ ၂၀၀၂ ခုနှစ်မှာ အကျဉ်းထောင်တစ်ခုကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထို့နောက် ဝရမ်းပြေး Song Jiang က လူတွေနဲ့အဆက်အသွယ်မလုပ်ဘဲ ဂူငယ်တစ်ခုမှာ နှစ်ပေါင်းကြာမြင့်စွာ ပုန်းအောင်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
Song Jiang ကို ရှာဖွေနေတဲ့ ယူနန်ပြည်နယ် အရှေ့မြောက်ပိုင်း Yongshan ကောင်တီ ရဲတပ်ဖွဲ့က ယခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ ၎င်းရဲ့တည်နေရာကို သဲလွန်စရရှိခဲ့ပါတယ်။ ထိုသဲလွန်စအရ Song Jiang ဟာ တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ၎င်းရဲ့ဇာတိမြို့နောက်ဘက်ရှိ တောင်တန်းတွေမှာ ပုန်းအောင်နေကြောင်း ကောက်ချက်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Yongshan Police/Weibo)
ထို့နောက် Song Jiang ကို မြေပြင်အဖွဲ့တွေက ပုံမှန်အတိုင်း ိုက်လံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပြီးနောက် ဒရုန်းများသုံးပြီး ရှာဖွေခဲ့ကြပါတယ်။ ဒရုန်းများဖြင့် ရှာဖွေခဲ့ရာ နောက်ဆုံးမှာတော့ တောင်စောင်းနေရာတစ်ခုမှာ အပြာရောင် စတီးလ်အမိုးပြားတစ်ခုနဲ့ အနီးအနားမှာ အိမ်သုံးအမှိုက်တွေကို တွေ့ရှိခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ခဲ့ကြပြီးနောက် Song Jiang ကို နှစ်ပေါင်းကြာမြင့်စွာ ၎င်းပုန်းအောင်နေခဲ့တဲ့ ဂူငယ်တစ်ခုထဲမှာ တွေ့ရှိဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
(Photo: Yongshan Police/Weibo)
Song Jiang ဟာ တောထဲမှ ချောင်ကျတဲ့နေရာမှာ နှစ်ပေါင်းကြာမြင့်စွာ တစ်ဦးတည်း ပုန်းအောင်နေထိုင်ခဲ့ရာ ၎င်းကို ရှာဖွေတွေ့ရှိနိုင်ရန် မလွယ်ကူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ Song Jiang ဟာ တောထဲရှိ စမ်းချောင်းတစ်ခုမှ ရေကို ပလပ်စတစ်ဘူးများဖြင့် စုဆောင်းယူဆောင်ထားပြီး သစ်ကိုင်းခြောက်များဖြင့် မီးဖိုခဲ့တယ်လို့ ဆိုပါတယ်။ ၁၇ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ Song Jiang ကို ပြန်လည်ဖမ်းမိပြီးနောက် ယခုအခါ အကျဉ်းထောင်သို့ ပြန်ပို့လိုက်ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။