စနေ၊တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်မှာပါ။

ရှစ်လကျော်ကြာပိတ်ထားတဲ့ ရန်ကုန်မြို့ သိမ်ဖြူလမ်းမပေါ် ဝန်ကြီးများရုံးရှေ့က ရန်ကုန်စာအုပ်လမ်းကို ဖေဖော်ဝါရီ ၂၊၃ ရက်က စတင်ကာ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါရန်ကုန်စာအုပ်လမ်းမှာ စာအုပ်ဆိုင်ခန်းပေါင်း ၈၀ ကျော်နဲ့ ရောင်းချပေးသွားဖြစ်ပြီး စာအုပ်တွေကို ၅၀ ရာခိုင်နှုန်း လျှော့ဈေး၊ ဘာစာအုပ်ယူယူ ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ် အစရှိသဖြင့် သုတ၊ရသစာပေတွေ၊ ကလေးစာပေတွေ၊ အင်္ဂလိပ်စာအုပ်တွေ အမျိုးအစားပေါင်းများစွာကို ရောင်းချပေးနေတာဖြစ်ပါတယ်။



“ စာအုပ်တန်းဆိုတာ အာဆီယံနိုင်ငံအချို့မှာလည်းရှိတယ်။ ဒီမှာ စာအုပ်တိုက်တွေကနေ ရောင်းချနေတဲ့စာအုပ်တွေကို တစ်စုတစ်စည်းတည်း ရနိုင်တယ်။ မြို့ထဲလိုနေရာမျိုး၊အခုဆို သမိုင်းဝင်နေရာဖြစ်တဲ့ ဝန်ကြီးများရုံးရဲ့ အရှေ့မှာ ဖွင့်လှစ်ထားတာမို့ အားလပ်ရက်တွေမှာ သွားရင်းလာရင်းနဲ့ အလွယ်တကူလာဝယ်လို့ရပါတယ်”လို့ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းရဲ့ အတွင်းရေးမှူး ဦးသိန်းစိုးက Duwunကိုပြောပါတယ်။

စာအုပ်အရောင်းတန်းသာမကဘဲ စာရေးသူနှင့် စာဖတ်သူဆွေးနွေးပွဲ၊စာပေဟောပြောပွဲ၊ စာရေးသူတို့ရဲ့ စာဖတ်ဝိုင်း၊ကာတွန်းဆရာတွေရဲ့ ကယ်ရီကေးချား ရွေးဆွဲခြင်းအစီအစဉ်တွေကိုပါ အပတ်စဉ် ဖွင့်လှစ်တဲ့ ရန်ကုန်စာအုပ်လမ်းမှာ ထည့်သွင်းကျင်းပသွားမယ်လို့လည်းသိရပါတယ်။


“ တစ်နေရာတည်းမှာ စာအုပ်အပြည့်အစုံရှိတယ်ဆိုတော့ ဝယ်တဲ့သူတွေအတွက် ပိုပြီးတော့အဆင်ပြေပါတယ်။ ဒီစာအုပ်လမ်းကို ပိုပြီးတော့ လူသိများလာအောင် ဆွဲဆောင်မှုပိုရှိလာအောင်လည်း လုပ်သင့်ပါတယ်” လို့ မန္တလေးမြို့ကနေ အဆိုပါ စာအုပ်လမ်းကို လာရောက်သူ ကိုဖြိုးသူက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

အဆိုပါ ရန်ကုန်စာအုပ်လမ်းကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်းကနေ ဦးစီးပြီး ၂၀၁၇ ခုနှစ်က စတင်ကာ ပွင့်လင်းရာသီရောက်တိုင်း ဖွင့်လှစ်ပေးနေရာ အခုဆိုရင် ၃ နှစ်အထိရှိခဲ့ပြီလို့လည်းသိရပါတယ်။

 အခုနှစ်မှာတော့ ဖေဖော်ဝါရီ ၂ ရက် (စနေနေ့)က စတင်ကာ မတ်လပိုင်းအထိ အပတ်စဉ် စနေ၊တနင်္ဂနွေ နေ့ မနက် ၉ နာရီ ညနေ ၅ နာရီအထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က