နှစ်သစ်ကူးကာလမှာ နေရပ်ကို ပြန်ကြမယ့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ဒေသအခေါ် ဗိုက်ဖောက်များ၏ အလိမ်ခံရမှုမရှိစေရန်နှင့် ငွေလဲလှယ်ရာမှာ တစ်သောင်းတန်ငွေစက္ကူတုများကို လက်ခံမရရှိစေရေးအတွက် အထူးသတိပြုကြဖို့ မြန်မာအလုပ်သမားသံအရာရှိရုံးက သတိပေးနှိုးဆော်ထားပါတယ်။
Photo - LA- Thailand
တစ်သောင်းတန်အတု အစစ်ခွဲခြားနည်းကို Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ အတုအစစ်ခွဲခြားနည်း သရုပ်ဖော်ပုံကို ပူးတွဲတင်ပြထားတာလည်းဖြစ်ပါတယ်။
မြန်မာအလုပ်သမားသံအရာရှိရုံး (LA-Thailand) ဖေ့စ်ဘုတ်စာမျက်နှာကတစ်ဆင့် ဒီဇင်ဘာ ၂၃ ရက်မှာ အသိပေးနှိုးဆော်စာ ထုတ်ပြန်ထားပြီးအလုပ်သမားတွေအနေနဲ့ အိမ်ပြန်တုံး(Re-entry Visa) ကို လက်ရှိနေထိုင်တဲ့ မြို့နယ်တွေက ထိုင်းလဝကရုံးတွေမှာ သွားရောက်ပြုလုပ်နိုင်သလို လေဆိပ်အပါအဝင် မြန်မာနဲ့ ထိုင်းနိုင်ငံက တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်တွေမှာ ပြုလုပ်နိုင်ပြီး တရားဝင်လမ်းကြောင်းတွေကတဆင့် နေရပ်ကိုပြန်နိုင်တယ်လို့ ဆိုပါတယ်။
Photo- Myanmar Now
အိမ်ပြန်တုံး (Re_entry Visa) မထုပဲ နေရပ်ကို ပြန်မယ်ဆိုပါက ထိုင်းနိုင်ငံကို ပြန်လည် ဝင်ရောက်ခွင့်ရရှိမှာမဟုတ်ဘဲနေရပ်ပြန်တဲ့ လမ်းခရီးမှာလည်း သက်ဆိုင်ရာ သက်သေခံစာရွက်စာတမ်းတွေကို ပြည့်စုံစွာ ယူဆောင်သွားဖို့နဲ့ မပျောက်အောင် အထူးဂရုပြု ယူဆောင်သွားကြဖို့ကိုလည်း အလုပ်သမားသံအရာရှိရုံးက သတိပေးထားပါတယ်။
လမ်းခရီးမှာ ယာဉ်အန္တရာယ်ကင်းဝင်းဖို့ ထိုင်ခုံခါးပတ်တွေပတ်ထားဖို့၊ လုံခြုံရေးသတိပေးချက်နဲ့ အရေးပေါ်ထွက်ပေါက်တွေကို လေ့လာမှတ်ထားသင့်ပြီး ယာဉ်မောင်းကို အထူးသတိပြုစောင့်ကြည့်ဖို့လိုအပ်သလို ယာဉ်မောင်းက မူးယစ်သောက်စားထားတာ(ဒါမှမဟုတ်) ယာဉ်မောင်းနေစဉ် ပုံမှန်မဟုတ်တဲ့ အခြေအနေ အိပ်ငိုက်တာတွေဖြစ်နေရင် ယာဉ်ကို ချက်ချင်းရပ်တန့်ခိုင်းပြီး ယာဉ်မောင်းကို အနားယူခိုင်းဖို့ကိုလည်း သတိပေးထားပါတယ်။
နေရပ်ပြန်မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရထားတဲ့ခွင့်ကလာသတ်မှတ်ရက်အတိုင်း လုပ်ငန်းခွင်ကို အချိန်မီပြန်လည်ဝင်ရောက်နိုင်ဖို့ အထူးသတိပြုရမှာဖြစ်ပြီး အကူအညီလိုအပ်ပါက နယ်စပ်မြို့တွေက အလုပ်သမားသံအရာရှိရုံးတွေဆီ ဖုန်းဆက်သွယ်မှုအပြင် Line၊Viberနဲ့ အလုပ်သမားသံအရာရှိရုံး ဖေ့စ်ဘုတ်စာမျက်နှာ LA-Thailand Pageတို့ကတဆင့် ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
ဦးစန်းမောင်ဦး(ဘန်ကောက်) - 09 4884 5484 ၊ ဦးသန်းနိုင် (ဘန်ကောက်) - 06 5220 6952 ၊ ဦးဇော်မင်းအောင်(ရနောင်း)-06 5220 6951 ၊ ဦးအောင်မင်း(မဲဆောက်) - 06 5220 6953 နဲ့ ဦးဦးခင်မောင်(ချင်းမိုင်)- 09 9059 2352 ဖုန်းတွေကို ဆက်သွယ်အကြောင်းကြားနိုင်ဖို့လည်း အသိပေးထားပါတယ်။