ပြေတီဦးဖောင်ဒေးရှင်း ရဲ့ ၁၀ နှစ်တာ အောင်မြင်မှုခရီးအတွက် အလှူရှင်များအဖြစ်ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေကလည်း ဂုဏ်ယူဝမ်းမြောက်နေတာတွေ့ရပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းက စက်တင်ဘာလ ၈ ရက်နေ့မှာ ၁၀ နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီ့အတွက် အမှတ်တရအခမ်းအနားကို နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဖောင်ဒေးရှင်းနဲ့လက်တွဲအလုပ်လုပ်ခဲ့တဲ့ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများစွာကလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ပြေတီဦးရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင်ကလည်း အလှူရှင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
‘’ဖောင်ဒေးရှင်းမှာ လှူပေးခဲ့ကြတဲ့ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပီတိလည်းဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီဖောင်ဒေးရှင်းကို အဓွန့်ရှည်အောင်၊ ခိုင်မြဲအောင်၊ တည်တံ့အောင်လို့ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ’’ လို့ သူကဆိုပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းမှာ ပါဝင်ကူညီပေးခဲ့ဖူးသူလည်းဖြစ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းကလည်း ဝမ်းသာဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
‘’အရမ်းကို ပီတိဖြစ်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဖောင်ဒေးရှင်းစလုပ်တော့ ဝိုင်းစုလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခဲ့ဖူးတယ်။ အခု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပနိုင်ပြီဆိုတော့ ပြေတီဦးဖောင်ဒေးရှင်းအတွက် အရမ်းကို ဂုဏ်ယူပါတယ်။ အရမ်းလည်း ပီတိဖြစ်ရပါတယ်။ ဆက်ပြီးတော့လည်း ဒီလို လှူနိုင်တန်းနိုင်ပါစေ။ ဖောင်ဒေးရှင်းကိုလည်း ခိုင်ခိုင်မာမာနဲ့ ဆက်တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်’’ လို့ သူကဆိုပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းကိုတော့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းမှာတော့ ဆရာဝန် (၇၄) ယောက်၊ အင်ဂျင်နီယာ(၆)ယောက်၊ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) ယောက်၊ ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ရှိတယ်လို့လည်း ပြေတီဦးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။