စမိုင်းလ် ကိုယ်တိုင်ရေးသားထားတဲ့ ‘’ဝသောသူကို ကြင်နာပါ’’ စာအုပ်လေးက ဒီနေ့(ဖေဖော်ဝါရီလ ၁၀) ရက်နေ့မှာပဲ ပရိသတ်လက်ထဲကို အရောက်ပို့ဆောင်နိုင်ခဲ့ပါပြီ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဝေဖန်ခံရမှုတွေရှိခဲ့တဲ့အပေါ် အခုလို တုံ့ပြန်စကားဆိုခဲ့ပါတယ်။
သရုပ်ဆောင် စမိုင်းလ်ရဲ့ ‘’ဝသောသူကို ကြင်နာပါ’’ ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲနဲ့ စာအုပ်ရောင်းချ လက်မှတ်ထိုးပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က Junction City မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
‘’ ဝနေတယ်၊ ဝိတ်ချဦး။ ဘယ်လိုပုံစံဖြစ်နေတာလဲ။ အသားကို လာကိုင်ကြည့်တယ်၊ ဝတုတ်နေတာပဲ။ ကျစ်နေတာပဲ အဲဒီလိုတွေပြောကြတယ်။ အစ်မရဲ့ ခန္ဓာကိုယ်ကို အစ်မပဲ ပိုင်တယ်။ အဲဒီအခါကျတော့ လူက ဆိုက်ကိုတွေဖြစ်ပြီး ကြောင်တောင်တောင်တွေ ဖြစ်လာတာပေါ့နော်။ အခု ဝိတ်ချလိုက်ပြန်တော့လည်း တချို့တွေက သိပ်မပိန်သေးဘူး ဝိတ်ဆက်ချဦး ဆိုတာက ပါသေးတယ်။ ကိုယ့်ကို အက်ဆစ်နဲ့ ပက်လိုက်သလို ခံစားရတာပေါ့နော်။ အခုချိန်ထိလည်း အပြောခံနေရတုန်းပါပဲ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စာအုပ်မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။
စမိုင်းလ်ကိုတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်အောင် ပြောဆိုခဲ့ဖူးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ‘’ဝနေရင် ယောကျ်ားပစ်သွားမှာပေါ့’’ လို့ ပြောတဲ့ သူတွေအပေါ် အခုလို တုံ့ပြန်စကားဆိုခဲ့ပါတယ်။
‘’ ပိန်ပြီးတော့ လှနေတဲ့သူတွေကျတော့လည်း စနှိုက်ကြော်ပြီးတော့ ခြံခုန်ကြတဲ့သူတွေရှိတာပဲလေ။ ဝမှ ယောကျ်ားပစ်မှာ မဟုတ်ဘူး။ ပိန်နေရင်လည်း ယောကျ်ားပစ်ချင် ပစ်မှာပဲ။ အဲဒါကြီးကိုပဲ လာပြီးတော့ ပြောနေစရာ မလိုဘူး။ ကိုယ့်အိမ်ထောင်တစ်ခုကတည်မြဲမယ်၊ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကိုချစ်ဖို့ အဓိကပါပဲ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
စမိုင်းလ်က သူ့ရဲ့ ဘဝအတွေ့အကြုံကိုရေးသားထားတဲ့ ‘’ဝသောသူကို ကြင်နာပါ’’ စာအုပ်လေးဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထွက်ရှိလို့လာပါပြီ။ ဒီစာအုပ်လေးကိုတော့ ဈေးဝယ်စင်တာတိုင်းမှာလည်း ဝယ်ယူလို့ရသလို အွန်လိုင်းကနေတဆင့်လည်း မှာယူနိုင်တယ်လို့ ဆိုပါတယ်။
စမိုင်းလ်က အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အလှူအတန်း တွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ စမိုင်းလ်ဟာ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။