အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်ဟာ သားလေးတစ်ယောက် သူမရဲ့ ရင်ခွင်ထဲကို ပြန်ရောက်လာမယ့်နေ့ကို မျှော်လင့်နေတယ်လို့ ဝမ်းနည်းကြေကွဲစွာနဲ့ ပြောပြလာပါတယ်။
အဆိုတော် အစ္စဏီရဲ့ အမှုဟာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်က မီဒီယာတွေကနေတဆင့် သားဖြစ်သူအတွက် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။ ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အစ္စဏီကို မေလ (၂၀)ရက်နေ့က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
‘’အန်တီ့မှာ ချစ်ခြင်း၊ မုန်းခြင်းမရှိဘူး။ အခု အန်တီ့သား ခံနေရတာသည် အတိတ်က ဝဋ်ကြွေးကြောင့် ခံနေရတာ။ အဲဒီလိုပဲ ယူဆတယ်။ အချိန်တန် အဆင်ပြေသွားမယ်၊ အန်တီ့ရင်ခွင်ထဲကို ပြန်ရောက်လာမယ်။ အဲဒီ့ရက်ကို အန်တီမျှော်နေတယ်’’ လို့ မေလ ၂၀ ရက်နေ့က တာမွေတရားရုံးက ရုံးချိန်းအပြန်မှာ ဖြေဆိုခဲ့တာပါ။
အစ္စဏီကို အရမ်းချစ်တဲ့ အဘိုးတွေ၊ အဘွားတွေကလည်း အမှုပြီးဆုံးမယ့်နေ့ကို စောင့်မျှော်နေကြတယ်လို့ အစ္စဏီရဲ့ မိခင်က ဝမ်းနည်းမျက်ရည်တွေကြားက ပြောပြလာပါတယ်။
‘’သူ့မှာလည်း အဘိုးတွေ၊ အဘွားတွေ ၈၀ ကျော်အရွယ်ရှိတယ်။ မျှော်နေကြတယ်’’ ဆိုပြီးတော့ ဝမ်းနည်းကြေကွဲစွာနဲ့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူမဟာ သားဖြစ်သူ အစ္စဏီရဲ့အမှုကိုလည်း အမြန်ဆုံးပြီးချင်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။