ပိုင်တံခွန်ဟာ ဝတ်မှုံရွှေရည်နဲ့ ရုပ်ရှင်ရိုက်နေပြီဖြစ်တာကြောင့် ရှိန်တာမျိုးတွေရှိတယ်လို့ဆိုပါတယ်။ စီနီယာ အနုပညာရှင်ဖြစ်တာကြောင့်လည်း အမှားမရှိအောင် သေချာ ကြိုးစားရပါတယ်တဲ့။
ပိုင်တံခွန်ကတော့ “အိပ်မက် မြစ်” ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ဝတ်မှုံရွှေရည်နဲ့ အတူတွဲပြီး သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စီနီယာသရုပ်ဆောင်တစ်ယောက်နဲ့ အတူတွဲရတာဖြစ်လို့ နည်းနည်းတော့ ရှိန်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီဇာတ်ကားကတော့ ကိုယ်ကိုယ်တိုင် ပထမဆုံးကြိုးစားပြီးတော့ စနစ်တကျ ပြင်ဆင်ထားတဲ့ ဇာတ်ကားပါ။ အကယ်ဒမီ ဝတ်မှုံရွှေရည်နဲ့ ရိုက်ရမယ် ဆိုတော့ အရမ်းလည်း ကြိုးစားရမယ်။ ပြီးတော့ ရှိန်တာလေးတွေလည်းရှိတယ်။ ဘယ်လောက်ပဲ အပြင်မှာ ခင်ပါစေ အလုပ်က အလုပ်ပဲ လေ။ ကိုယ်နဲ့ တွဲသရုပ်ဆောင်မယ့် မင်းသား၊ မင်းသမီး ဘယ်သူပဲဖြစ်ဖြစ် စိတ်မပျက်အောင်တော့ အကောင်းဆုံး ကြိုးစားရမှာပေါ့။ အမှားအယွင်းဖြစ်သွားရင်လည်း မကောင်းဘူးလေ” လို့ ဆိုပါတယ်။
“အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ပိုင်တံခွန်ရဲ့ ကာရိုက်တာ ကတော့ အရမ်းချစ်တတ်တဲ့ လူငယ်ကောင်လေး တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါတဲ့။ ဝတ်မှုံရွှေရည်ကိုလည်း ပရိသတ်တွေ တစ်ခါမှ မမြင်ဖူးတဲ့ ကာရိုက်တာနဲ့ မြင်ရဦးမှာဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ကာရိုက်တာအသစ်တစ်ခုကို ကြိုးစားခွင့်ရပြီဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကတော့ ရိုမန့်တစ် ဆန်ဆန် အချစ်ဇာတ်ကားလေး တစ်ကားဖြစ်တယ်လို့ သိရပါတယ်။
ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။