အနည်းဆုံး အမေရိကန်ဒေါ်လာ ၂,၀၀၀ တန်ဖိုးရှိတဲ့ ခံစားခွင့်တွေ ရရှိနေမှာပါ။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဘဝတစ်သက်တာ လစာနဲ့ အခြားထောက်ပံ့ကြေးတွေ ခံစားခွင့်ပြုကြောင်း အမိန့်ဒီကရီများ ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးတွေကို ထိုသို့ ခံစားခွင့်ပြုခြင်းကို ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ရာ အစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။

(ဝန်ကြီးချုပ် Bruno Tshibala) (Photo: AFP/Getty Images)

ကွန်ဂိုအစိုးရရဲ့ တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၄ ရက်) ထုတ်ပြန်ချက်မှာ ယခု ခံစားခွင့်တွေဟာ ချမ်းသာကြွယ်ဝတဲ့ ဝန်ကြီးတွေအတွက် မဟုတ်ဘူးလို့ ဆိုပါတယ်။ ရွှေလေထီး (golden parachute) အမိန့်ဒီကရီလို့ ခေါ်ဝေါ်နေကြတဲ့ အစိုးရအမိန့်ဒီကရီနှစ်ခုအရ ဝန်ကြီးဟောင်းတွေဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂,၀၀၀ တန်ဖိုးရှိတဲ့ လစာနဲ့ခံစားခွင့်တွေ ဆက်လက် ရရှိနေမှာဖြစ်ပါတယ်။ ဝန်ကြီးဟောင်းတွေကို ထိုသို့ ခံစားခွင့်များပေးအပ်ခြင်းအပေါ် ကွန်ဂိုမှာ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ကွန်ဂိုရဲ့ လူဦးရေအများစုဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

မကြာခင်မှာ ရာထူးစွန့်သွားမယ့် ကွန်ဂိုအစိုးရကတော့ နိုင်ငံအနေနဲ့ ဝန်ကြီးဟောင်းတွေကို ၎င်းတို့ရဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စသဖြင့်တို့ အဆင်ပြေစေရန် အနည်းဆုံးပမာဏကို ပေးအပ်ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ယခုပေးအပ်တဲ့ ခံစားခွင့်တွေက ဝန်ကြီးဟောင်းတွေကို ခိုကိုးရာမဲ့ဘဝ မဖြစ်သွားအောင် ကူညီပေးနိုင်မယ်လို့လည်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ကွန်ဂို ဒုက္ခသည်များကို တွေ့ရစဉ်) (Photo: UNHCR/Enoch Kavindele Jr)

ဝန်ကြီးတွေကို ဘဝတစ်သက်တာ လစာနဲ့ခံစားခွင့်များ ပေးအပ်သွားမယ့် အမိန့်ဒီကရီနှစ်ခုကို ရာထူးကနေ စွန့်ခွာတော့မယ့် ဝန်ကြီးချုပ် Bruno Tshibala က ယမန်နှစ် နိုဝင်ဘာလကတည်းက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး လတ်တလော ရက်အတွင်းမှသာ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်က ဖော်ပြလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပထမ အမိန့်ဒီကရီအရ ကွန်ဂိုဝန်ကြီးချုပ်ဟောင်းတွေဟာ လက်ရှိဝန်ကြီးချုပ်တစ်ဦး ရရှိနေတဲ့ လစာရဲ့ ၃၀ ရာခိုင်နှုန်းကို လစာအဖြစ် ဆက်လက်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်လျှင်တစ်ကြိမ် business class ဖြင့် လေယာဉ်စီးနင်းခွင့်နဲ့ လစဉ် နေထိုင်မှုအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၅,၀၀၀ ကိုလည်း ရရှိမယ်လို့ Reuters သတင်းဌာနက ပြောပါတယ်။

(ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တွေ့ရသည့် သမ္မတသစ် Felix Tshisekedi) (Reuters/Olivia Acland)

ဒုတိယ အမိန့်ဒီကရီကတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတွေဟာ လက်ရှိဝန်ကြီးတစ်ဦး ရရှိနေတဲ့ လစာရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ နေထိုင်မှုအတွက် ဒေါ်လာ ၁,၀၀၀ လစဉ် ဆက်လက်ရရှိနေမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးဟောင်းတွေဟာလည်း တစ်နှစ်လျှင်တစ်ကြိမ် business class ဖြင့် လေယာဉ်စီးခွင့်ရမယ်လို့ Reuters က ပြောပါတယ်။ ယခု အမိန့်ဒီကရီတွေကို ကွန်ဂိုနိုင်ငံရေးနယ်ပယ်မှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။

ကွန်ဂိုသမ္မတဟောင်း Joseph Kabila ရဲ့ အကြံပေးပုဂ္ဂိုလ် Patrick Nkanga က အမိန့်ဒီကရီတွေဟာ နိုင်ငံရဲ့ လူမှုစီးပွားရေးနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ "ဒါက အလွန်အကျွံနဲ့ ပြည်သူ့ဘဏ္ဍာတွေ မလိုအပ်ဘဲ ကုန်ကျခံရတာပါပဲ" လို့ Patrick Nkanga က Twitter မှာ ဝေဖန်ရေးသားခဲ့ပါတယ်။ကွန်ဂိုအစိုးရကတော့ ယခု အမိန့်ဒီကရီတွေဟာ ယခင်အစိုးရအဖွဲ့ဝင်တွေနဲ့ မသက်ဆိုင်ဘဲ လက်ရှိအစိုးရအဖွဲ့ဝင်တွေနဲ့ နောက်တက်လာမယ့် အစိုးရအဖွဲ့ဝင်တွေကသာ ခံစားခွင့်တွေ ရရှိကြမယ်လို့ ကာကွယ်ပြောကြားထားပါတယ်။

(သမ္မတဟောင်း Joseph Kabila) (Photo: Reuters/K. Katombe)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ သမ္မတသစ်ဖြစ်တဲ့ Felix Tshisekedi က ပြီးခဲ့တဲ့လအတွင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ Felix Tshisekedi က ယခင်သမ္မတ Joseph Kabila နေရာကိုဆက်ခံကာ အာဏာရလာခဲ့ပြီး ကွန်ဂိုမှာ ထိုသို့ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။

ကွန်ဂိုရွေးကောက်ပွဲရလဒ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေရှိခဲ့ပြီး Joseph Kabila နဲ့ Felix Tshisekedi တို့ကြား အပေးအယူ လုပ်ခဲ့ကြတယ်လို့ ပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးကတော့ အဆိုပါ ပြောဆိုမှုတွေကို ငြင်းဆိုခဲ့ကြပါတယ်။ Transparency International အဖွဲ့အစည်းက နောက်ဆုံးထုတ်ပြန်ထားတဲ့ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံအလိုက် အဂတိလိုက်စားမှုအညွန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ အနက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အဆင့် ၁၆၀ မှာ ရပ်တည်ခဲ့ကြောင်းလည်း BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က