အကျဥ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့ပြီးနောက် သေလုမျောပါးဖြစ်နေကြောင်း မိသားစုဝင်က ပြောပါတယ်

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ COVID-19 ကူးစက်ဖြစ်ပွားမှုအပေါ် ကနဦး တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြမှုကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ စီတီဇင်ဂျာနယ်လစ် အမျိုးသမီးဟာ အကျဥ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့ပြီးနောက် သေလုမျောပါးဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

(Zhang Zhan ကို ပြန်လွှတ်ပေးရန် ဆန္ဒပြမှုတစ်ခု) (Photo: Reuters)

ထိုသတင်းကို ထွက်ပေါ်လာပြီးနောက် လူ့အခွင့်အရေးအုပ်စုတွေက ၎င်းကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ရှေ့နေဟောင်းတစ်ဦးဖြစ်သူ အသက် ၃၈ နှစ်အရွယ် Zhang Zhan အမည်ရှိ အမျိုးသမီးဟာ ကမ္ဘာ့ကပ်ရောဂါ ဗဟိုချက်နေရာမှာ ကသောင်းကနင်းဖြစ်နေမှုကို သတင်းရေးသားရန် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဝူဟန်မြို့သို့ သွားရောက်ခဲ့ပါတယ်။



အေးလာတော့မယ့် ဆောင်းရာသီကာလမှာ သူမ အသက်ရှင်နိုင်ဖွယ် မရှိပါဘူး၊ သူမရဲ့နှလုံးသားထဲမှာ ဘုရားသခင်နဲ့ သူမရဲ့ ယုံကြည်ချက်တွေပဲ ရှိပုံရပါတယ်၊ တခြား ဘာကိုမှ ဂရုမစိုက်တော့ဘူး

၎င်းရဲ့ စမတ်ဖုန်းဗီဒီယိုတွေထဲမှာ အာဏာပိုင်တွေရဲ့ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ် မေးခွန်းထုတ်ထားခဲ့ပါတယ်။ ထို့နောက် ၂၀၂၀ ခုနှစ် မေလအတွင်း Zhang Zhan ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလအတွင်း အငြင်းပွားဖွယ်ရာများ ဖန်တီးမှုနဲ့ ပြဿနာဖြစ်ရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ထိုပြစ်မှုဟာ တရုတ်နိုင်ငံမှာ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ရာမှာ ပုံမှန် အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

(စီတီဇင်ဂျာနယ်လစ် Zhang Zhan) (Photo: BBC)

ထောင်ဒဏ်ကျခံရပြီးနောက် Zhang Zhan က အကျဥ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေခဲ့ရာ ယခုအခါ ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျသွားပြီး အချိန်ကြာကြာ အသက်မရှင်နိုင်တော့တဲ့ အခြေအနေဖြစ်နေကြောင်း သူမနဲ့မောင်နှမတော်စပ်တဲ့ Zhang Ju က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Twitter မှာ ရေးထားပါတယ်။

အစာငတ်ခံ ဆန္ဒပြနေတဲ့ Zhang Zhan ဟာ နှာခေါင်းပိုက်ကနေတစ်ဆင့် အတင်းအကျပ် အစာကျွေးခံခဲ့ရကြောင်း သူမရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။ ရှေ့နေအဖွဲ့အနေနဲ့ သူမရဲ့ အခြေအနေကို မသိရှိရကြောင်း ယခုနှစ်အစောပိုင်းမှာ AFP သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

"အေးလာတော့မယ့် ဆောင်းရာသီကာလမှာ သူမ အသက်ရှင်နိုင်ဖွယ် မရှိပါဘူး၊ သူမရဲ့နှလုံးသားထဲမှာ ဘုရားသခင်နဲ့ သူမရဲ့ ယုံကြည်ချက်တွေပဲ ရှိပုံရပါတယ်၊ တခြား ဘာကိုမှ ဂရုမစိုက်တော့ဘူး" လို့ Zhang Ju က Twitter မှာ ရေးထားပါတယ်။ Zhang Zhan ထံသို့ ပေးပို့တဲ့စာတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန် တိုက်တွန်းခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။

(ဝူဟန်အခြေအနေ သတင်းဗီဒီယိုမှာတွေ့ရသည့် Zhang Zhan) (Photo: Zhang Zhan YouTube)

Zhang Ju ရဲ့ Twitter မှာ ရေးသားထားမှု ရှိလာပြီးနောက် Zhang Zhan ကို ချက်ချင်း ပြန်လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်း Amnesty International က တရုတ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ထိုသို့ ပြန်လွှတ်ပေးမှသာ သူမရဲ့ အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်နိုင်ပြီး သူမအတွက် အလွန်လိုအပ်နေတဲ့ သင့်လျော်တဲ့ ဆေးဝါးကုသမှုခံယူနိုင်မယ်လို့လည်း Amnesty International က ထောက်ပြပါတယ်။

သတင်းထောက်တစ်ယောက်အဖြစ် သူ့တာဝန်ကို သူလုပ်နေတာသာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရတာ လုံးဝ မဖြစ်သင့်ပါဘူး

ရှန်ဟိုင်းမြို့ရှိ အမျိုးသမီး အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ Zhang Zhan ကို ထောင်ဝင်စာတွေ့ရန် မိသားစုက လွန်ခဲ့တဲ့ သီတင်းသုံးပတ်ကျော်မှာ တောင်းဆိုခဲ့ပေမဲ့ အကြောင်းပြန်ခြင်းမရှီဘူးလို့ သူမနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ဦးက AFP ကို ပြောပါတယ်။ AFP အနေနဲ့ Twitter မှာ Zhang Zhan ရဲ့ အခြေအနေကို ရေးသားထားတဲ့ Zhang Ju ကို ဆက်သွယ်နိုင်ခြင်းမရှိဘဲ ၎င်းတို့ရဲ့မိခင်ကတော့ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

(၂၀၂၀ ခုနှစ် ဧပြီလအတွင်း ဝူဟန်မှာတွေ့ရသည့် Zhang Zhan) (Photo: AP)

ထို့အတူ အကျဥ်းထောင်ကို AFP မေးမြန်းရာမှာလည်း အကြောင်းမပြန်ခဲ့ကြောင်း သိရပါတယ်။ ယခုအခါ Zhang Zhan ဟာ လမ်းမလျှောက်နိုင်သလို အကူအညီမပါဘဲ ခေါင်းမထောင်နိုင်ကြောင်း နယ်စည်းမထား သတင်းထောက်များအဖွဲ့အစည်း (Reporters without Borders - RSF) က ဆိုပါတယ်။

"သတင်းထောက်တစ်ယောက်အဖြစ် သူ့တာဝန်ကို သူလုပ်နေတာသာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရတာ လုံးဝ မဖြစ်သင့်ပါဘူး" လို့ RSF အရှေ့အာရှဌာန အကြီးအကဲ Cedric Alviani က ပြောပါတယ်။ ဝူဟန်မြို့မှ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအကြောင်း သတင်းရေးသားဖော်ပြမှုကြောင့် Zhang Zhan အပြင် Chen Ziushi ၊ Fang Bin နဲ့ Li Zehua အပါအဝင် ဖမ်းဆီးခံရတဲ့ နောက်ထပ် စီတီဇင်ဂျာနယ်လစ် (citizen journalist) တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က