ပထမဆုံး ကိုဗစ်လူနာဟာ ဝူဟန်မြို့ရှိ ဈေးတစ်ခုမှ ဈေးသည်တစ်ဦးဖြစ်ခဲ့တယ်လို့ သိပ္ပံပညာရှင်က ဆိုပါတယ်

ကမ္ဘာပေါ်မှာ COVID-19 ပထမဆုံး ကူးစက်ခံရတဲ့လူနာဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ဈေးတစ်ခုမှ ဈေးသည်တစ်ဦးဖြစ်ခဲ့ကြောင်းနဲ့ ကနဦး ထင်မြင်ယူဆထားခဲ့သလိုဈေးနဲ့ဆက်စပ်မှုမရှိတဲ့ စာရင်းကိုင်တစ်ဦး မဟုတ်ကြောင်း အမေရိကန်သုတေသီတစ်ဦးရဲ့ မှတ်ချက်ပြုရေးသားထားမှုအ သိရှိရပါတယ်။

(သိပ္ပံပညာရှင် Michael Worobey) (Photo: Beatriz Verdugo / UANews)

၎င်းရဲ့ မှတ်ချက်ပြုမှုကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဖော်ပြလာခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးမှာ ပထမဆုံး COVID-19 လူနာဟာ ဝူဟန်မြို့ရှိ ဈေးနဲ့ဆက်စပ်မှုမရှိသူဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ ဓာတ်ခွဲခန်းတစ်ခုကနေ ထွက်လာတာဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ဟာ ပဟေဠိအဖြစ် ရှိနေဆဲဖြစ်ပြီး ထိုကိစ္စဟာ တရုတ်နဲ့ အမေရိကန်တို့ကြား တင်းမာမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။



ယခုနောက်ဆုံး သုတေသီရဲ့ လေ့လာဆန်းစစ်မှုအသစ်ကလည်း ဗိုင်းရပ်စ်မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး တိကျတဲ့အဖြေ မပေးနိုင်ဘူးလို့ ဆိုပါတယ်။ တရုတ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) တို့ ယခုနှစ်အတွင်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ လေ့လာဆန်းစစ်မှုကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းက ထွက်လာနိုင်တာဖြစ်နိုင်ကြောင်း ယူဆချက်ကို ပယ်ချထားခဲ့ပြီး ထိုဗိုင်းရပ်စ်ဟာ လူသားတွေထံသို့ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ရမှတစ်ဆင့် သဘာဝအတိုင်း ကူးစက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောပါတယ်။

(ဝူဟန်မြို့ရှိ Huanan ဈေးကို ဝင်ပေါက်နေရာတစ်ခု) (Photo: Dake Kang / AP)

WHO ဦးဆောင်တဲ့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က တရုတ်သိပ္ပံပညာရှင်တွေနဲ့အတူ နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်မှာ သီတင်းလေးပတ်ကြာ ပူးပေါင်းလေ့လာခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့က ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေဆီကနေ ပျံ့နှံ့လာခဲ့ပြီး နောက်ထပ် တိရိစ္ဆာန်တစ်ကောင်မှတစ်ဆင့် လူသားများထံသို့ ကူးစက်သွားခဲ့တာဖြစ်နိုင်ကြောင်းနဲ့ နောက်ထပ် သုတေသနပြု လေ့လာရန်လိုအပ်ကြောင်း မတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ဝူဟန်မြို့မှ ပထမဆုံး COVID-19 လူနာလို့ ကနဦး ယူဆထားခဲ့တဲ့ စာရင်းကိုင်ကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၎င်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ အတည်ပြုပါတယ်။ ထိုရက်ဟာ ကနဦး ရောဂါကူးစက်ဖြစ်ပွားကြောင်း သတင်းထွက်ပေါ်ခဲ့တာထက် ရက်နဲ့ချီကြာ နောက်ကျခဲ့ကြောင်း အမေရိကန်နိုင်ငံ အာရီဇိုးနားတက္ကသိုလ် (University of Arizona) မှ ဂေဟဗေဒနှင့် ဆင့်ကဲဖြစ်စဥ် ဇီဝဗေဒဌာန အကြီးအကဲ Michael Worobey က Science ဂျာနယ်မှာ မှတ်ချက်ပြုရေးသားထားပါတယ်။

(ဝူဟန်မြို့ရှိ Huanan ဈေးကို အပေါ်စီးမှမြင်တွေ့ရစဥ်) (Photo: Thomas Peter / Reuters)

"Huanan ဈေးက အလုပ်သမားတွေမှာ ကူးစက်မှုတွေဖြစ်ပြီးနောက်မှ သူ့ရဲ့ရောဂါလက္ခဏာဖြစ်ပေါ်မှု စတင်ခဲ့တာပါ၊ အဲဒီဈေးထဲက ပင်လယ်စာရောင်းတဲ့ အမျိုးသမီးဈေးသည်တစ်ဦးက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး သူမဟာ အစောဆုံး သိရှိရတဲ့ COVID-19 လူနာဖြစ်ပါတယ်" လို့ Michael Worobey က ဆောင်းပါးထဲမှာ ရေးသားထားပါတယ်။

ရောဂါလက္ခဏာပြတဲ့ အစောဆုံး ကူးစက်မှုတွေဟာ ဝူဟန်မြို့ရှိ ဈေးနဲ့ဆက်စပ်နေခဲ့ပြီး အထူးသဖြင့် ဈေးရဲ့အနောက်ပိုင်း ရက်ကွန်းတွေ (raccoon dog) ထားရှိတဲ့နေရာနဲ့ ဆက်စပ်နေခဲ့ရာ အဆိုပါ တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားတဲ့ဈေးက ကပ်ရောဂါရဲ့ မူလဇစ်မြစ်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထား တွေ့ခဲ့ရတယ်လို့ ၎င်းကဆိုပါတယ်။

(ဝူဟန်မြို့မှာ ကူးစက်ခံရသူကို လာရောက်ခေါ်ဆောင်စဥ်) (Photo: AFP / Getty Images)

Michael Worobey ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်က ဓာတ်ခွဲခန်းကနေ မတော်တဆ ထွက်လာခဲ့ခြင်းဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုလုပ်ရန် မေလအတွင်း Science ဂျာနယ်မှာ ရေးသားခဲ့ကြတဲ့ သိပ္ပံပညာရှင် ၁၈ ဦးအနက် ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့ကြောင်း သတ်မှတ်ထားတဲ့ COVID-19 ကပ်ရောဂါဟာ လက်ရှိအချိန်အထိ ၂ နှစ်နီးပါးအတွင်း ကမ္ဘာတစ်ဝန်း လူဦး‌ရေ ၂၅၇ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၅.၁ သန်းကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က