တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက် ၁၇ ဦးအထိ မြင့်တက်လာပြီး လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ခြင်းအပေါ် ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
(
Photo: AP)
ယမန်နှစ် ဒီဇင်ဘာလကုန်းပိုင်းက ဝူဟန်မှာ စတင်တွေ့ခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ်ဟာ ယခုအခါ အဝေးကွာဆုံးနေရာအဖြစ် အမေရိကန်နိုင်ငံမှာလည်း ကူးစက်ခံရသူ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန် တရားမဝင် ရောင်းဝယ်ကြတဲ့ ဈေးတစ်ခုဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ယုံကြည်ထားပါတယ်။
ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုကြောင့် ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) က လူတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁၇ ဦးရှိလာကြောင်း ပြည်နယ်အစိုးရကို ကိုးကားပြီး တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တ့ ဝူဟန်မြို့မှ ထွက်ခွာတဲ့ လေယာဥ်နဲ့ ရထားခရီးစဉ်များကို ယနေ့ (ဇန်နဝါရီ ၂၃ ရက်) မှစပြီး ရပ်ဆိုင်းထားလိုက်ကြောင်းလည်း သိရပါတယ်။
(Photo: AP)
ထိုသတင်း မထုတ်ပြန်မီ နာရီပိုင်းအလိုမှာတော့ ဗိုင်းရပ်စ်ကြောင့် ဝူဟန်မှာ လူကိုးဦး သေဆုံးခဲ့ကြောင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်း လူ ၅၇၁ ဦး ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ထိုင်းနိုင်ငံမှာ ၄ ဦး၊ ဂျပန်မှာ တစ်ဦး၊ တောင်ကိုရီးယားမှာ တစ်ဦး၊ ထိုင်ဝမ်မှာ တစ်ဦး၊ အမေရိကန်မှာ တစ်ဦးနဲ့ မကာအိုမှာ တစ်ဦး တွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တဲ့ Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပြီး တိရိစ္ဆာန်ဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်နိုင်ခြေအများဆုံးလို့ ထုတ်ပြန်ထားပါတယ်။
(Photo: AP)
2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ယခုရက်ပိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ ခရီးသွားလာမှု မြင့်တက်လာမှာဖြစ်ရာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။
ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေက တရုတ်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် အစီအစဥ်များ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။ WHO က ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာရန် အရေးပေါ် အစည်းအဝေးတစ်ရပ် စတင်ပြုလုပ်နေကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
(Photo: AP)
ယခု ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။
2019-nCoV ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာအချို့
- WHO က ရည်ညွှန်းသတ်မှတ်ထားတဲ့ 2019-nCoV ဗိုင်းရပ်စ်ဟာ ယခင်က လူသားတွေမှာ မတွေ့ခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပါတယ်။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ် (coronavirus) တွေဟာ ဗိုင်းရပ်စ်အများအပြားပါဝင်တဲ့ အုပ်စုမှဖြစ်ပြီး ယခင်က ထိုအုပ်စုထဲမှ ဗိုင်းရပ်စ်ခြောက်မျိုးသာ လူတွေကို ကူးစက်ခဲ့ဖူးပါတယ်။ ယခု တရုတ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ 2019-nCoV ဗိုင်းရပ်စ်က လူတွေကို ကူးစက်တဲ့ ခုနစ်ခုမြောက် ဗိုင်းရပ်စ်ဖြစ်လာပါတယ်။
- 2019-nCoV ဗိုင်းရပ်စ်ရဲ့ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ခြေ အများဆုံးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ထိုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ လျင်မြန်စွာကူးစက်နိုင်ပါတယ်။
- ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိရိစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်း မပြုရန်၊ အသားနဲ့ ဥတွေကို သေချာစွာ ချက်ပြုတ်ကြရန်နဲ့ အအေးမိ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန် အကြံပြုထားပါတယ်။