မနေ့က ရန်ကုန်လေဆိပ်ကို ဝူဟန်က လေယာဉ်ဆိုက်ရောက်လာတာနဲ့ ပတ်သက်ပြီး လေယာဉ်ပေါ်မှာ ရောဂါ သံသယရှိသူလုံးဝမပါရှိတာကြောင့် ပြည်သူတွေမစိုးရိမ်ကြဖို့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဇန်နဝါရီလ (၂၃)ရက်နေ့ မနက်အစော ၁နာရီ ၄၅မိနစ်အချိန်မှာ ရန်ကုန်လေဆိပ်ကို ဝူဟန်ကနေ လေယာဉ်တစ်စီးဆိုက်ရောက်လာခဲ့ပြီး အဆိုပါလေယာဉ်ပေါ်မှာ ဝူဟန်က (၅)ဦး လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။ သူတို့ (၅)ဦးကို ကျန်းမာရေး စစ်ဆေးမှုတွေစစ်ဆေးဆောင်ရွက်တဲ့အခါမှာတော့ အဆုတ်ရောင် ဗိုင်းရပ်စ်ရောဂါပိုးတစ်ခုဖြစ်တဲ့ Corona ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သံသယရှိစရာလုံးဝမတွေ့ရှိခဲ့ဘူးလို့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးကပြောပါတယ်။
“ မနေ့က ဝူဟန်က ဆိုက်ရောက်လာတဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေစိုးရိမ်မှုတွေရှိနေကြတယ်။ အဲဒီလေယာဉ်ပေါ်မှာက ခရီးသည်(၈၅)ဦးနဲ့ လေယာဉ်အမှုတမ်း(၉)ဦးပါတယ်။ ခရီးသည် (၈၅)ဦးမှာ ဝူဟန်က (၅)ဦးပဲပါတယ်။ ကျန်တဲ့သူတွေတွေက တခြားဒေသအသီးသီးကပေါ့နော်။ လေဆိပ်မှာလည်း ဝူဟန်က (၅)ဦးကိုရော ခရီးသည်တွေကိုရော ကျန်းမာရေး စစ်ဆေးမှုတွေသေချာစစ်ဆေးပြီးမှလက်ခံတာပါ။ ဝူဟန်က (၅)ဦးမှာ ရောဂါနဲ့ ပတ်သက်လို့ ဘာသံသယမှမတွေ့ရှိခဲ့ဘူး။ ဒီလေယာဉ်ကို ဘာလို့လက်ခံလဲဆိုတော့ တရုတ်က ခရီးစဉ်တွေကို မပိတ်သေးခင်မှာ ဒီလေယာဉ်ကဆိုက်ရောက်လာတာဖြစ်တယ်။ အဲဒါကြောင့်လည်းလက်ခံခဲ့တာ။ ပြီးတော့လည်း ဘာသံသယရှိစရာမှ မတွေ့ဘူး” လို့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဆုတ်ရောင် ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလေဆိပ်တွေမှာလည်း ပြည်ပက ဆိုက်ရောက်လာတဲ့ သူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ဇန်နဝါရီလ (၅)ရက်နေ့ကစပြီး တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ ဗိုင်းရပ်စ်ပိုးကူးဆက်ခံရသူ (၅၀၀)ကျော်ရှိပြီး သေဆုံးတဲ့သူ (၁၇)ဦးမှာလည်း တရုတ်လူမျိုးတွေသာဖြစ်လို့ တရုတ်ကနေ တခြားပြည်ပကို ကူးဆက်ခံရမှုက သိပ်စိုးရိမ်စရာမရှိဘူးလို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
အဆုတ်ရောင် ဗိုင်းရပ်စ်ရောဂါပိုးတစ်ခုဖြစ်တဲ့ Corona ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ တရုတ်နိင်ငံမှာတော့ စိုးရိမ်စရာအဆင့်လို့ဆိုပေမယ့် တခြားပြည်ပနိုင်ငံတွေမှာတော့ စိုးရိမ်စရာသိပ်မရှိဘူးလို့သိရပါတယ်။ ဒီရောဂါကူးဆက်နိုင်တာလည်း ကိုယ့်ခံအားနည်းပြီး ရောဂါလက်ခံရှိတဲ့ သူတွေသာ သေဆုံးနိုင်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ကတော့ ကျန်းမာရေးကိုသာ အထူးဂရုစိုက်ကြဖို့ ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အသိပေးပြောကြားခဲ့ပါတယ်။