လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ကူးစက်နေမှုအပြင် အခြား အာရှနိုင်ငံသုံးခုကိုပါ ပျံ့နှံ့ရောက်ရှိခဲ့တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်အဖွဲ့က အတည်ပြု ပြောကြားပါတယ်။





(Photo: Darley Shen/Reuters)

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။



အစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) နဲ့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဗိုင်းရပ်စ်အသစ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အကန့်အသတ်ဖြင့် ကူးစက်နိုင်ခြေရှိကြောင်း ပြောထားခဲ့ကြပါတယ်။ သို့သော် ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်) မှာတော့ တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Zhong Nanshan က ဗိုင်းရပ်စ်အသစ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။

တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှ လူနှစ်ဦးဟာ မိသားစုဝင်များထံမှတစ်ဆင့် အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံခဲ့ရကြောင်း ၎င်းက ပြောပါတယ်။ ဒါ့အပြင် တရုတ်ကျန်းမာရေးကော်မရှင် လုပ်ငန်းအဖွဲ့ကလည်း ဆေးရုံဝန်ထမ်း ၁၅ ဦးထက်မနည်းမှာ အလားတူ ဗိုင်းရပ်စ်ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိရပြီး နောက်ထပ်တစ်ဦးမှာ ဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရောဂါလက္ခဏာများ ခံစားနေရကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေတဲ့ China Daily သတင်းစာက ဖော်ပြပါတယ်။

လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ယမန်နေ့အထိ စာရင်းတွေအရ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၀ ကျော်ရှိလာပြီး ခြောက်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ တွေ့ရှိရမှုအဖြစ် ထိုင်းနိုင်ငံမှာ နှစ်ဦး၊ ဂျပန်မှာ တစ်ဦးနဲ့ တောင်ကိုရီးယားမှာ တစ်ဦးဖြစ်ပါတယ်။





(Photo: AFP)

ယခုရက်ပိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ ခရီးသွားလာမှု မြင့်တက်လာမှာဖြစ်ရာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ WHO က ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပြီး တိရိစ္ဆာန်ဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်နိုင်ခြေအများဆုံးလို့ ထုတ်ပြန်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။

Source: NBC News, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က