ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်နိုင်တဲ့ အခြားနည်လမ်းကို တရုတ်နိုင်ငံရဲ့ ထိပ်တန်းသုတေသနအဖွဲ့အစည်းမှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
(Image: Reuters)
သုတေသနတွေ့ရှိချက်အရ ထိုဗိုင်းရပ်စ်ဟာ အစာချေစနစ်မှတစ်ဆင့် လူ့မစင်ထဲသို့ ပျံ့နှံ့ရောက်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်တွေကို ကိုးကားပြီး တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြပါတယ်။ အဆိုပါ အခြေအနေအရ ဗိုင်းရပ်စ်ဟာ လူတွေရဲ့ မစင်စွန့်ရာလမ်းကြောင်းတစ်လျှောက် ပါရှိသွားနိုင်ပြီး ထိုမှတစ်ဆင့် နောက်တစ်ဦးရဲ့ ပါးစပ်ထဲသို့ ဗိုင်းရပ်စ်ကူးစက်ရောက်ရှိနိုင်တာ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်း၊ မိလ္လာစနစ်မရှိခြင်း၊ ညစ်ပတ်တဲ့ မြေပြင်အခြေအနေနဲ့ ရေအရင်းအမြစ်တွေထဲမှာ မစင် သို့မဟုတ် မသန့်ရှင်းတဲ့ အစားအစာ ပါဝင်နေမှုတွေကြောင့် ထိုနည်းလမ်းမျိုးဖြင့် ကူးစက်မှုဖြစ်နိုင်ကြောင်း သိရပါတယ်။
(Photo: AFP)
Wuhan တက္ကသိုလ် Renmin ဆေးရုံနဲ့ Wuhan Institute of Virology of the Chinese Academy of Sciences မှ ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအချို့မှာ ပုံမှန်တွေ့နေကျ ရောဂါလက္ခဏာဖြစ်တဲ့ ကိုယ်ပူချိန်မြင့်တက်မှုအစား ဝမ်းပျက်ဝမ်းလျှောခဲ့တာကို သတိပြုမိခဲ့ကြပါတယ်။
ထို့နောက် သုတေသနအဖွဲ့က လူနာတွေရဲ့ မစင်နဲ့ မစင်စွန့်ရာလမ်းကြောင်းမှ နမူနာတွေကို စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ရဲ့ nucleic acid ကို တွေ့ရှိခဲ့ရပါတယ်။ ထိုတွေ့ရှိချက်အရ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ဟာ အသက်ရှူလမ်းကြောင်းမှသာ မဟုတ်ဘဲ မစင်မှတစ်ဆင့်လည်း ကူးစက်နိုင်ခြေရှိကြောင်း ယုံကြည်ရတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: Reuters)
ယနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) မွန်းလွဲပိုင်းအထိ စာရင်းတွေအရ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ကမ္ဘာတစ်ဝှမ်းမှာ ၁၇,၃၈၅ ဦးရှိပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၂၀၅ ဦးနဲ့ သေဆုံးသူ ၃၆၁ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြင်ပမှာ ပထမဆုံး သေဆုံးမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဝူဟန်မြို့မှ အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၃၆၂ ဦးအထိရှိလာပါတယ်။
(Photo: Reuters)
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဖေဖေါ်ဝါရီ ၃ ရက် မွန်းလွဲပိုင်းအထိ ဂျပန်မှာ ၂၀ ဦး၊ ထိုင်းမှာ ၁၉ ဦး၊ စင်ကာပူမှာ ၁၈ ဦး၊ တောင်ကိုရီးယားမှာ ၁၅ ဦး၊ ဟောင်ကောင်မှာ ၁၄ ဦး၊ ဩစတြေးလျမှာ ၁၂ ဦး၊ ဂျာမနီမှာ ၁၀ ဦး၊ ထိုင်ဝမ်မှာ ၁၀ ဦး၊ မကာအိုမှာ ၈ ဦး၊ မလေးရှားမှာ ၈ ဦး၊ အမေရိကန်မှာ ၈ ဦး၊ ဗီယက်နမ်မှာ ၈ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ ကနေဒါမှာ ၄ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ အိန္ဒိယမှာ ၂ ဦး၊ အီတလီမှာ ၂ ဦး၊ ဖိလစ်ပိုင်မှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ စပိန်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
(Infographic: Duwun)
လတ်တလော ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။