ကူးစက်မှုတွေ တစ်ကျော့ပြန် အများအပြား ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိလာပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ လွန်ခဲ့တဲ့တစ်လက lockdown လုပ်ထားမှုကို ရုပ်သိမ်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကူးစက်မှုအစုအဝေးတစ်ခု ပြန်တွေ့ခဲ့ရကြောင်း မေ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: Reuters)

ယခုသတင်းကြောင့် ရောဂါဖြစ်ပွားမှုတွေ တစ်ကျော့ပြန် အများအပြား ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိလာခဲ့ပါတယ်။ ကူးစက်မှုအသစ်များ တွေ့ရှိလာရခြင်းက COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်မှုများ ရုပ်သိမ်းလိုက်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ပြီး လူများ လုပ်ငန်းခွင်ပြန်ဝင်ရောက်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံတစ်ဝှမ်း သတိထားစရာ ဖြစ်လာပါတယ်။



ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၅ ဦး တွေ့ရှိခဲ့ရပြီး အားလုံးဟာ လူနေအိမ်ရာဝင်းတစ်ခုတည်းမှာ နေထိုင်ကြသူတွေလို့ ဆိုပါတယ်။ ၎င်းတို့အနက်မှ အသက် ၈၉ နှစ်အရွယ် အမျိုးသားလူနာဟာ ဝူဟန်မြို့မှာ ဧပြီ ၃ ရက်မှစပြီး လက်ရှိအချိန်အထိ တစ်လကျော်အတွင်း ပထမဆုံး COVID-19 ကူးစက်ခံရသူလည်း ဖြစ်လာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Getty Images)

"ဝူဟန်မှာ ကူးစက်မှုဟန့်တားရေးနဲ့ ထိန်းချုပ်ရေးကို အလွန်အကြီးအကျယ် လုပ်ဆောင်နေဆဲပါ၊ ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ဖြစ်မှု အန္တရာယ်ကို ပြတ်ပြတ်သားသား ထိန်းချုပ်ရမှာပါ" လို့ ဝူဟန်ကျန်းမာရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ယခု စစ်ဆေးတွေ့ရှိတဲ့ COVID-19 လူနာ ၅ ဦးလုံးကို ယခင်က ရောဂါလက္ခဏာမရှိသူတွေ (asymptomatic) အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ထံမှာ ဗိုင်းရပ်စ်ရှိပြီး အခြားသူတွေကို ကူးစက်နိုင်ပေမဲ့ ဖျားနာခြင်းကဲ့သို့ ရောဂါလက္ခဏာ မပြသူတွေကို ထိုသို့ သတ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ရောဂါလက္ခဏမပြဘဲ ကူးစက်ခံထားရသူ အရေအတွက် မည်မျှရှိကြောင်း မသိနိုင်ပါဘူး။

(Photo: AFP)

COVID-19 လူနာနဲ့ထိတွေ့ဖူးသူတွေကို ခြေရာခံစုံစမ်းခြင်းနဲ့ ကျန်းမာရေးစစ်ဆေးခြင်းတို့ လုပ်ဆောင်ချိန်ကျမှာသာ ထိုကဲ့သို့ ရောဂါလက္ခဏာမပြသူတွေကို စစ်ဆေးပြီး ၎င်းတို့ထံမှာ ဗိုင်းရပ်စ်ရှိနေကြောင် သိရှိနိုင်တာ ဖြစ်ပါတယ်။ ဧပြီ ၈ ရက်နေ့က lockdown ရုပ်သိမ်းခဲ့တဲ့ ဝူဟန်မြို့မှာ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ရာနဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ မေ ၁၂ ရက် မနက်ပိုင်းအထိ ကူးစက်ခံရသူ ၈၂,၉၁၈ ဦး၊ သေဆုံးသူ ၄,၆၃၃ ဦးနဲ့ ပြန်လည်သက်သာသူ ၇၈,၁၄၄ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က