ကူးစက်မှုအသစ်များ ပြန်တွေ့ရှိခဲ့ရပြီးနောက် မြို့ရဲ့လူဦးရေအားလုံးကို ဗိုင်းရပ်စစ်ဆေးမှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့ကို lockdown ရုပ်သိမ်းခဲ့မှု တစ်လအကြာမှာ ဗိုင်းရပ်စ်ကူးစက်မှုအသစ်များ ပြန်တွေ့ရှိခဲ့ရပြီးနောက် မြို့ရဲ့လူဦးရေအားလုံးကို ဗိုင်းရပ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရသတင်းဌာနက မေ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။

(Photo: AFP)

ဝူဟန်မြို့ရဲ့ လူဦးရေ ၁၁ သန်းလုံးကို ဗိုင်းရပ်စ်စစ်ဆေးရန် အစီအစဥ်များ ယမန်နေ့ မွန်းလွဲပိုင်းမှာ တင်ပြကြရန် တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ တစ်မြိုလုံးကို ၁၀ ရက်အတွင်း ဗိုင်းရပ်စစ် စစ်ဆေးလုပ်ဆောင်နိုင်မယ့် အစီအစဥ် အသေးစိတ်ကို တာဝန်ရှိသူတွေက တင်ပြရမယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဝူဟန်မြို့မှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ခြောက်ဦးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ မြို့ရဲ့လူဦးရေအားလုံးကို ဗိုင်းရပ်စစ်ဆေးရန် အာဏာပိုင်တွေက ညွှန်ကြားလာခဲ့တာ ဖြစ်ပါတယ်။ "ခရိုင်တစ်ခုချင်းစီက ၎င်းရဲ့ စီရင်အုပ်ချုပ်မှုအတွင်းရှိ လူဦးရေအားလုံးကို ၁၀ ရက်အတွက် nucleic acid စစ်ဆေးဖို့ (ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးဖို့) အစီအစဥ်တွေ လုပ်သင့်ပါတယ်" လို့ အကြောင်းကြားစာထဲမှာ ပြောထားပါတယ်။

(Photo: Getty Images)

သို့သော် စစ်ဆေးမှုတွေ စတင်မယ့်အချိန်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ယခု သတင်းနဲ့ပတ်သက်ပြီး ဝူဟန်မြို့ Dongxihu District ရောဂါကူးစက်မှု ဟန့်တားရေးနဲ့ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကတော့ ထိုကဲ့သို့ အကြောင်းကြာစာ လက်ရှိအချိန်အထိ မရရှိသေးကြောင်း AFP သတင်းဌာနကို မေ ၁၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တစ်နိုင်ငံလုံးမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းလိုက်ရာ တစ်ကျော့ပြန် ကူးစက်မှုတွေနဲ့အတူ COVID-19 ဒုတိယလှိုင်း ဖြစ်ပွားနိုင်ခြေလည်း ရှိနေပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ဝူဟန်မြို့အပြင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရုရှားနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ Jilin နဲ့ Heilongjiang ပြည်နယ်တွေမှာ COVID-19 ကူးစက်မှုအစုအဝေးများ တွေ့ရှိခဲ့ရပါတယ်။

(Photo: AFP)

တရုတ်အစိုးရက ကူးစက်မှုအသစ်တွေ မရှိစေရန် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။ ဝူဟန်မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က COVID-19 ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး လက်ရှိအချိန်အထိ ထိုရောဂါကြောင့် သေဆုံးသူ ၃,၈၆၉ ဦးရှိခဲ့ပြီး တရုတ်နိုင်ငံမှာ သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

ဝူဟန်မြို့ကို ရက်သတ္တပတ် ၁၁ ပတ်ကြာ lockdown လုပ်ပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ရာမှ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်မှာ lockdown ရုပ်သိမ်းခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းအထိ စာရင်းတွေအရ တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၈၂,၉၁၉ ဦး၊ သေဆုံးသူ ၄,၆၃၃ ဦးနဲ့ ပြန်လည်သက်သာသူ ၇၈,၁၇၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က