ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းရားက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းကို မပြောင်းဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မက်ဂွိုင်းရားကို ရောင်းချဖို့ ပြင်ဆင်ခဲ့တာပါ။
ဒီကစားသမားကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းက ယူနိုက်တက်ဘက်က လက်ခံနိုင်စရာ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်ဘက်ကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားကိုယ်တိုင်က အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။
မက်ဂွိုင်းရားဟာ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့အတွက် ယူနိုက်တက်နဲ့ စာချုပ်လက်ကျန် သက်တမ်းအတိုင်း ရရှိရမယ့် လုပ်ခလစာကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်ဘက်က ဒါကို ပေးချေလိုခြင်းမရှိဘဲ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတယ်လို့ သိရှိရပါတယ်။
ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ မက်ဂွိုင်းရားပြောတဲ့စကားတွေနဲ့ ကွာဟချက်တွေရှိနေပါတယ်။ မက်ဂွိုင်းရားက “ပုံမှန်ပွဲကစားခွင့်က ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးအတွက် အရေးပါတဲ့ကိစ္စပါ။ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ကိစ္စက ကျွန်တော်နဲ့ရော၊ နှစ်သင်းအကြားမှာပါ ဘာသဘောတူညီမှုမှ မရရှိခဲ့ပါဘူး”
“ဒီတော့ ကျွန်တော်က ဒီအခွင့်အရေးကို လက်ခံပြီး ပြောင်းမယ်ဆိုတာမျိုး ပြောခွင့်မရှိပါဘူး။ သဘောတူညီမှုရဖို့ နီးစပ်ခဲ့တာမျိုးတောင် မရှိပါဘူး။ ဝက်စ်ဟမ်းကလည်း အသင်းကြီးတစ်သင်းပါ။ ကျွန်တော်ကတော့ ယူနိုက်တက်အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ပုံမှန်နေရာအတွက် ကျွန်တော် တိုက်ပွဲဝင်လိုပြီး ပွဲကစားခွင့်ရဖို့ကလည်း တကယ်ကို အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။