လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မန်စီးတီးနဲ့ဗီလာပွဲမှာ မန်စီးတီးခြေချော်ပြီး လီဗာပူးက ဝုလ်ဗ်ကိုနိုင်ကာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်အောင်ပွဲမခံဖို့ ကြိုတင် တားမြစ်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဥ်တွေကို မနက်ဖြန်ညမှာ ကစားမှာပါ။
ကြားရက်က အဲဗာတန်နဲ့ခရစ္စတယ်ပဲလေ့စ်တို့ပွဲအပြီး တန်းမဆင်းရတော့တဲ့ အဲဗာတန်ပရိသတ်တွေက ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်ပရိသတ်တယောက်က ပြိုင်ဘက် ပဲလေ့စ်နည်းပြ ဗီယာရာကို ဆဲဆိုခဲ့တာကြောင့် ဗီယာရာက ခြေထောက်နဲ့ ပြန်ကန်ခဲ့ပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေအပေါ် ကလော့ပ်တယောက် စိတ်မသက်မသာဖြစ်နေပြီး လီဗာပူးပရိသတ်တွေကိုလည်း အခုလိုမျိုးပဲ သတိပေးခဲ့ပါတယ်။ ကလော့ပ်က “ကျနော် သူများကို အကဲဖြတ်တာမျိုးတွေ မလုပ်ချင်ပါဘူး။ စိတ်ခံစားချက်ကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် တဖက်အသင်းကို တော်တော်လေး ဒုက္ခရောက်စေတဲ့ လုပ်ရပ်ပါ”
“ကျနော်တို့အနေနဲ့လည်း ဒီအရာတွေကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမျိုးမဖြစ်အောင် ကျနော်တို့ သေချာပေါက် စီစဥ်ထားသင့်ပါတယ်။ လူတွေက အမြင့်ကနေ ခုန်ချပြီး သူတို့ကိုယ်သူတို့ အန္တရာယ်ရှိစေကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ရော၊ ပြိုင်ဘက်ကိုရော ဘာခြိမ်းခြောက်မှုမှမရှိဘဲ ကျနော်တို့ အောင်ပွဲခံနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
လီဗာပူးရဲ့ မာဆေးဆိုက်ဒ်မြို့ခံပြိုင်ဘက် အဲဗာတန် တန်းမဆင်းရတဲ့အတွက် ကလော့ပ်ကလည်း ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က အဲဗာတန်ကို ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အဲဗာတန်က ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်အတွက် ကဲလ်ဗတ်လီဝင် အနိုင်ဂိုးသွင်းပြီးချိန်၊ ပွဲပြီးဖို့ (၅) မိနစ်အလိုမှာတင် အဲဗာတန်ပရိသတ်အချို့ ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့ပြီး ပွဲအပြီးမှာတော့ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။