တနင်္လာနေ့ညက ယူနိုက်တက်တို့ ဝုလ်ဗ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တစ်ယောက် ပထမပိုင်းပြီးကတည်းက လူစားလဲခံလိုက်ရပါတယ်။ ဒီပွဲမှာ မာတီနက်ဇ်က ပထမပိုင်း ပွဲကစားချိန် အစောပိုင်းမှာတင် အဝါကတ်ထိထားခဲ့တာပါ။
ယူနိုက်တက်ရဲ့ ကစားပုံကလည်း ဝုလ်ဗ်ကို အနိုင်ယူဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး မာတီနက်ဇ်တစ်ယောက် အနီကတ်ထိမှာကို တန်ဟက်ခ် စိုးရိမ်လို့ လူစားလဲလိုက်တယ်လို့ ပရိသတ်တွေက ထင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ့်နောက်ကွယ်က အကြောင်းရင်းကတော့ ဒါမျိုး မဟုတ်ခဲ့ပါဘူး။
မာတီနက်ဇ်ဟာ သူ့ရဲ့ ခြေကျင်းဝတ်မှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုလည်း မာတီနက်ဇ်ရဲ့ တွဲဖက်နောက်ခံလူ ဗာရန်းက ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
ဗာရန်းက “မာတီနက်ဇ်ရဲ့ ခြေကျင်းဝတ်အရွတ်မှာ ဒဏ်ရာပြဿနာလေး နည်းနည်းရှိခဲ့ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဒါက ကြီးမားတဲ့ ဒဏ်ရာတစ်ခုလို့ ကျွန်တော် မထင်ပါဘူး။ ဒီတစ်ပတ်အတွင်း သူ ဘယ်လိုနေမလဲ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မာတီနက်ဇ်ဟာ အဆိုပါပွဲရဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာလည်း အရန်ခုံမှာရှိနေခဲ့တာကြောင့် ဒဏ်ရာက မပြင်းထန်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပြီး နောက်ခံလူ ဗာရန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့်သာ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့် အိမ်ကွင်းပွဲမှာ အနိုင်ရရှိခဲ့တာပါ။