ဂိမ်းဈေးကွက်တစ်ခုလုံးကနေ ရတဲ့ ဝင်ငွေဟာ ၂၀၁၉ တစ်နှစ်အတွင်းမှာ ဒေါ်လာ ၁၂၀.၁ ဘီလျံအထိ ရှိခဲ့ပါတယ်။
Nielsen ရဲ့ ဂိမ်းဈေးကွက်သုတေသနလုပ်ငန်း SuperData ကနေ ရတဲ့ အချက်အလက်တွေအရ Fortnite ဟာ ၂၀၁၉ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလျံ ရခဲ့ပြီး အရင် ၂၀၁၈ ခုနှစ်ကထက် ၂၅% ဝင်ငွေကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ Fortnite ဟာ ၂၀၁၈ ခုနှစ်က စံချိန်တင် ဝင်ငွေ ဒေါ်လာ ၂.၄ ဘီလျံရခဲ့တာပါ။
Photo: ibtimes
၂၀၁၉ မှာ ဝင်ငွေအကျဘက် ရောက်သွားပေမယ့် Fortnite ဟာ အနီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ Nexon ရဲ့ Dungeon Fighter Online ထက် ဒေါ်လာ သန်း ၂၀၀ ကျော် ဝင်ငွေပိုများပြီး တစ်နှစ်တာရဲ့အကြီးဆုံး ဂိမ်းအဖြစ် ရပ်တည်နေပါတယ်။ Fortnite အောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အခြေအနေနဲ့ ကိုက်ညီတဲ့ content သစ်တွေ ဖန်တီးတင်ဆက်နိုင်ခြင်းလည်း ပါဝင်နေပါတယ်။
Epic ဟာ အောက်တိုဘာလထဲမှာ Fortnite ရဲ့ Chapter 2 ကို အပိုင်းလိုက် ဖြန့်ချိခဲ့သလို Battle Pass ငွေသွင်းမှုတွေကနေလည်း ပိုက်ဆံရှာခဲ့ပါတယ်။ ဒါ့အပြင် လူကြိုက်များတဲ့ pop-culture တွေ ဖြစ်တဲ့ Marvel ရဲ့ Avengers ၊ Netflix ရဲ့ Stranger Things နဲ့ Star Wars တွေနဲ့ ချိတ်ပြီး လူသိများအောင် ပရိုမိုးရှင်းဆင်းခဲ့တာကြောင့် အောင်မြင်ရတာ ဖြစ်တယ်လို့ SuperData က ဖော်ပြထားပါတယ်။
ဈေးကွက်ထိုးဖောက်မှုမှာ ထိရောက်ခဲ့တဲ့ Fortnite ဟာ ကစားသူတွေဆီကနေ ဝင်ငွေရအောင် လုပ်တဲ့နေရာမှာ အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ ကစားသူအနေနဲ့ Fortnite ဟာ Riot Games ရဲ့ League of Legends လောက် မရှိပါဘူး။ ဒါပေမယ့်လည်း in-game content တွေအတွက် ကစားသူတွေ ငွေသုံးမှု ပိုများတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။
Photo: venturebeat
၂၀၁၉ ရဲ့ အခမဲ့ကစားနိုင်တဲ့ ဝင်ငွေအမြင့်ဆုံးဂိမ်းတွေထဲမှာ Fortnite ရဲ့ နောက် Nexon ရဲ့ Dungeon Fighter Online နဲ့ Tencent ရဲ့ Honour of Kings တို့ ရှိပါတယ်။ ဒီဂိမ်းနှစ်ခုရဲ့ဝင်ငွေဟာ ဒေါ်လာ ၁.၆ ဘီလျံစီ ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ League of Legends နဲ့ Candy Crush Saga (ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလျံစီ) ၊ Pokemon Go နဲ့ SmileGates ထုတ် Crossfire (ဒေါ်လာ ၁.၄ ဘီလျံစီ) ဝင်ငွေအသီးသီးရရှိထားပါတယ်။
SuperData ရဲ့ အချက်အလက်တွေအရ ၂၀၁၉ ခုနှစ် ဂိမ်းဈေးကွက်တစ်ခုလုံးရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၁၅.၅ ဘီလျံရခဲ့တဲ့ ၂၀၁၈ ကထက် ၄% ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။ ဒီဝင်ငွေစာရင်းထဲမှာ မိုဘိုင်းဂိမ်းတွေရဲ့ ဝင်ငွေက ဒေါ်လာ ၆၄.၄ ဘီလျံ ၊ PC ဂိမ်းတွေအတွက် ဒေါ်လာ ၂၉.၆ ဘီလျံနဲ့ console ဂိမ်းတွေက ဒေါ်လာ ၁၅.၄ ဘီလျံရှိခဲ့ပြီး ကျန်တာကတော့ ဂိမ်းနဲ့ ဆက်စပ်တဲ့ ဗွီဒီယိုတွေဆီက ဒေါ်လာ ၆.၅ ဘီလျံ နဲ့ VR/AR လိုမျိုး ဂိမ်းဆက်စပ်ပစ္စည်းတွေကနေ ဝင်တဲ့ ဒေါ်လာ ၆.၃ဘီလျံ ဝင်ငွေတို့ ဖြစ်တယ် ဆိုပါတယ်။