မနေ့က မနက်ပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝရက်စ်ဟမ်းတို့ရဲ့ ခြေစမ်းပွဲမှာ ဝရက်စ်ဟမ်း ကစားသမား ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဝရက်စ်ဟမ်းနည်းပြရဲ့ဝေဖန်မှုကို ယူနိုက်တက်ဘက်က မပျော်မရွှင်ဖြစ်နေကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ဝရက်စ်ဟမ်းက ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဂိုးသမား ဘစ်ရှော့နဲ့ ထိခိုက်မိတာကြောင့် ဝရက်စ်ဟမ်း ကစားသမား ပေါလ်မူလင်ရဲ့ ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းကို ထိခိုက်မိခဲ့ပြီး အရှိန်ပြင်းထန်လွန်းတာကြောင့် မူလင်တစ်ယောက် အဆုတ်မှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။ ပွဲကစားချိန် (၁၂) မိနစ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ဆေးဝန်ထမ်းတွေက မူလင်ကို အောက်ဆီဂျင်ပေးပြီး ဆေးရုံတင်ပို့ခဲ့ရပါတယ်။
ဒီဖြစ်ရပ်အတွက် ဘစ်ရှော့က အဝါကတ်သာ ပြသခံခဲ့ရပြီး ဝရက်စ်ဟမ်းနည်းပြ ပါကင်ဆင်ကတော့ ဘစ်ရှော့ရဲ့ကစားပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဘစ်ရှော့ကတော့ ဒီဖြစ်ရပ်အတွက် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပြီး မူလင်ကလည်း ဆေးရုံပေါ်ကတစ်ဆင့် အဆင်ပြေနေကြောင်း ပရိသတ်တွေကို အသိပေးပြောကြားခဲ့ပါတယ်။
မန်ချက်စတာညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ ပါကင်ဆင်ရဲ့ မှတ်ချက်အတွက် မပျော်မရွှင်ဖြစ်နေပြီး အဆိုပါနည်းပြအနေနဲ့ မလိုအပ်ဘဲ ပြဿနာကို မီးထွန်းရှာခဲ့တယ်လို့ ယူဆနေပါတယ်။ ပါကင်ဆင်ရဲ့ ပြောကြားချက်တွေဟာ ဘစ်ရှော့အပေါ် ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာစေနိုင်တယ်လို့ ယူနိုက်တက်ဘက်က ယူဆနေပြီး ဒါဟာ မတော်တဆဖြစ်ရပ်လို့သာ ယူနိုက်တက်က မှတ်ယူထားပါတယ်။
ဝရက်စ်ဟမ်းဂိုးသမားလည်းဖြစ်၊ ယူနိုက်တက်ဂိုးသမားဟောင်းလည်းဖြစ်တဲ့ ဖော်စတာကတော့ “ဘစ်ရှော့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူလည်း တော်တော်လေး ခံစားနေရမှာပါ။ ကျွန်တော် သူ့ကို မူလင်ရဲ့ ဖုန်းနံပါတ်ပေးခဲ့ပြီး သူ ဖုန်းဆက်ဖြစ်မှာပါ။ သူ ကိုယ်တိုင်လည်း အပြစ်မကင်းသလို ခံစားနေရမှာဖြစ်ပြီး ကျွန်တော် ဒါကို နားလည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။