အမေရိကန်ဒေါ်လာ ၂.၂ သန်းတန် ဖာရာရီ (Ferrari) အမျိုးအစား ကားတစ်စီးကို စမ်းသပ်မောင်းနှင်စဉ် ခိုးယူမောင်းပြေးမှု ဂျာမနီမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
(ရဲတပ်ဖွဲ့က ဖြန့်ဝေထားသည့် Ferrari ကားကို ခိုးယူမောင်းပြေးသူပုံ) (Photo: Polizei Dusseldorf)
သံသယရှိသူက ၁၉၈၅ ခုနှစ်ထုတ် Ferrari 288 GTO ကားကိုဝယ်ယူရန် စိတ်ဝင်စားပုံပြခဲ့တယ်လို့ ဒက်ဆဲလ်ဒေါ့ဖ်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထို့နောက် ၎င်းက ကားရောင်းမယ့်သူထံ အငှားယာဉ်တစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီးနောက် နှစ်နာရီကြာ အစမ်းမောင်းနှင်ခဲ့ကာ ရောင်းသူထံပြန်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
သို့သော် ကားရောင်းမယ့်သူထံကို ပြန်ရောက်လာချိန်မှာတော့ အဆိုပါ အမျိုးသားက ကားပေါ်မှမဆင်းဘဲ အရှိန်မြှင့်မောင်းပြေးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါကားကို ဂိုဒေါင်တစ်ခုမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သမိုင်းဝင် Ferrari ကားဟာ မိုင် ၂၇,၀၀၀ မောင်းနှင်ထားပြီးဖြစ်ကာ ဒေါ်လာ ၂.၂ သန်းတန်ကြေးရှိတယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။
(ခိုးယူမောင်းပြေးသွားသည့် Ferrari 288 GTO ကားကိုတွေ့ရစဉ်) (Photo: Polizei Dusseldorf)
အရောင်းကိုယ်စားလှယ်ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားတဲ့ Ferrari ကားကို တစ်ချိန်က မြောက်အိုင်ယာလန် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲဝင် ကားမောင်းသမား Eddie Irvine က ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ Eddie Irvine ဟာ ၁၉၉၆ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်အတွင်း Ferrari ကားမောင်းပြိုင်ပွဲဝင်အသင်းရဲ့ ကားမောင်းသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
အလားတူ Ferrari ကားတွေကို အမေရိကန်မှာ ဒေါ်လာ ၃ သန်းအထက် ဈေးနှုန်းဖြင့် မကြာခဏ အရောင်းစာရင်း တင်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါကားများကို Sotheby's ကဲ့သို့ လေလံကုမ္ပဏီတွေမှတစ်ဆင့်လည်း မကြာခဏ ရောင်းချလေ့ရှိပါတယ်။
(ခိုးယူမောင်းပြေးသွားသည့် Ferrari 288 GTO ကားကိုတွေ့ရစဉ်) (Photo: Polizei Dusseldorf)
အခြား ကားတွေနဲ့မတူဘဲ တစ်မူထူးခြား ကွဲပြားနေတဲ့ အနီရောင်ကားကို စုံစမ်းစစ်ဆေးရေးမှူးတွေက မျက်မြင်တွေ့ရှိခဲ့သူတွေထံ သတင်ပေးကြရန် ပန်ကြားခဲ့ပြီးနောက် အင်္ဂါနေ့ (မေ ၁၄ ရက်) ညနေပိုင်းမှာပဲ အမြန်ဆုံးပြန်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ခိုးယူမောင်းပြေးသွားခဲ့တဲ့ Ferrari ကားကို ဒက်ဆဲလ်ဒေ့ါဖ်မြို့လယ်မှ မဝေးကွာလှတဲ့ ဂရီဗင်ဘရိုအစ်ချ် (Grevenbroich) မြို့ငယ်လေးရှိ ဂိုဒေါင်တစ်ခုထဲမှာ ဝှက်ထားခဲ့တာဖြစ်ပါတယ်။ Ferrari ကားကို ဝယ်ယူလိုကြောင်းပြောပြီး ခိုးယူမောင်းပြေးခဲ့သူကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းရဲ့ဓာတ်ပုံကို ရဲတပ်ဖွဲ့က ဖြန့်ဝေထားကြောင်းသိရပါတယ်။
(Ferrari 288 GTO ကားအမျိုးအစား) (Photo: Getty Images)
ကားခိုးယူမောင်ပြေးသူက ကိုယ်တိုင် မလာရောက်မီ ဖုန်းခေါ်မှုနဲ့ အီးမေးလ်ဖြင့် ဆက်သွယ်မှုတွေလုပ်ခဲ့ကြောင်း အရောင်းကိုယ်စားလှယ်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Bernhard Kerklo က Westdeutsche Allgemeine Zeitung သတင်းစာကို ပြောပါတယ်။ အဆိုပါကားဟာ အရောင်တောက်လွန်းတာကြောင့် ဈေးကွက်မှာ ရောင်းမထွက်ခဲ့ဘူးလို့လည်း ၎င်းကဆိုပါတယ်။ Ferrari 288 GTO အမျိုးအစား ကားကို ၂၇၂ စီးသာ ထုတ်လုပ်ထားခဲ့တယ်လို့ သိရပါတယ်။