လူတစ်ယောက်ကို ရူပီး ၁ သိန်း ( မြန်မာငွေ သိန်း ၂၀ ကျော်) အထိ ချေးယူနိုင်တဲ့ Mi Credit ငွေချေးဝန်ဆောင်မှုကို အိန္ဒိယမှာ စတင်မိတ်ဆက်လိုက်ပါတယ်။
Xiaomi ဟာ ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက Mi Credit ဝန်ဆောင်မှုကို အိန္ဒိယမှာ pilot program အနေနဲ့ စမ်းသပ်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး တရားဝင်စတင်လည်ပတ်ချိန်မှာ နောက်ထပ် ငွေကြေးဝန်ဆောင်မှုသစ်တွေ ထပ်မံပေးအပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Xiaomi ဟာ Mi Credit တစ်ဦးချင်းချေးငွေအတွက် KreditBee နဲ့ မိတ်ဘက်ပြု ပူးပေါင်းထားတာပါ။
Photo: Digit
Mi Credit ဟာ ၁၀၀ % ဒီဂျစ်တယ်စနစ်နဲ့ သွားမှာ ဖြစ်ပြီး ၅ မိနစ်အတွင်း ချေးငွေလျှောက်ထားနိုင်မယ်လို့ Xiaomi ရဲ့ Mi Money twitter အကောင့်ကနေ ကြေငြာထားပါတယ်။ ဒီ tweet မှာပဲ အတိုးနှုန်းသက်သက်သာသာနဲ့ ချေးနိုင်မှာ ဖြစ်ပြီး Mi Credit app ပေါ်ကနေ အခမဲ့ credit score တစ်ခု ရယူနိုင်တယ်လို့ ဆိုပါတယ်။
သုံးစွဲသူအချက်အလက်နဲ့ ပတ်သက်ပြီး encrypted လုပ်ပြီး သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။ Mi Credit ကို စတင်ရှေးဦးစမ်းသပ် ဝန်ဆောင်မှုပေးချိန်ကနေ နိုဝင်ဘာလအထိ စုစုပေါင်း ရူပီး ၂၈ ကုဋေ ချေးငွေထုတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
Photo: Technology Personalized
တစ်လကို အတိုးနှုန်း ၁.၃၅% သတ်မှတ်ထားပြီး အတိုးပြန်ဆပ်မယ့်ကာလကို ၉၁ ရက်ကနေ၃ နှစ်အထိ ရွေးချယ်နိုင်မှာပါ။ Mi Credit ကနေ ရူပီး ၅ ထောင်ကနေ ၁ သိန်းအထိ ချေးနိုင်မှာ ဖြစ်ပြီး အသက် ၁၈ နှစ်အထက် လူငယ်တွေကို အဓိက ပစ်မှတ်ထားတဲ့ ငွေချေးဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။
Xiaomi ဟာ Mi Credit ငွေချေးမှုအတွက် Aditya Birla Capital Personal Finance, Money View, EarlySalary, CreditVidya နဲ့ ZestMoney တို့နဲ့ ချိတ်ဆက်ပြီး ငွေချေးဝန်ဆောင်မှု လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Business Today က ဖော်ပြထားပါတယ်။