စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ရဲ့ လျှပ်စစ်ကားဒီဇိုင်းကို နောက်လထဲမှာ တရားဝင်မိတ်ဆက်ပြသသွားတော့မှာပါ။
လျှပ်စစ်ယာဉ်ပိုင်းကို အာရုံစိုက်လာတဲ့ Xiaomi ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက လျှပ်စစ်ကားဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်ထားပြီး ၁၀ နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ်လို့ ကြေညာထားပါတယ်။ တရုတ်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Sina Tech ရဲ့ အဆိုအရ Xiaomi တည်ထောင်သူ လေဂျန်ဟာ လာမယ့် ဩဂုတ်လထဲမှာ လျှပ်စစ်ကားနမူနာ Prototype ဒီဇိုင်းကို တင်ဆက်ပြသသွားမယ်လို့ ဖော်ပြထားပါတယ်။
Xiaomi လျှပ်စစ်ကားဒီဇိုင်းကို Shanghai HVST Automobile Design ကုမ္ပဏီရဲ့ Team က ဒီဇိုင်းဆွဲပေးထားတယ်လို့ ဆိုပါတယ်။ HVST Automobile Design ဟာ WM Motor က မိတ်ဆက်ခဲ့တဲ့ Maven Concept ကားဒီဇိုင်းကို ထုတ်ပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ နမူနာ Prototype ယာဉ်မိတ်ဆက်မှု လုပ်ပြီးနောက်မှာ Xiaomi ဟာ EV Prototype သစ်အတွက် ပထမဆုံးစမ်းသပ်မောင်းနှင်မှုအပါအဝင် စမ်းသပ်မှုအမျိုးမျိုး စတင်လုပ်ဆောင်သွားမယ်လို့ ယူဆရပါတယ်။
ယာဉ်ထုတ်လုပ်ရေးပိုင်းကတော့ အချိန်ယူရဖို့ ရှိပြီး ၂၀၂၄ မှာ အမြောက်အများ ထုတ်လုပ်မှု စတင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ Xiaomi ကားထုတ်လုပ်ရေးစက်ရုံနဲ့ R&D သုတေသနစင်တာကို Yuzhuang မှာ တည်ဆောက်သွားမှာပါ။ Xiaomi ဟာ ၂၀၂၁ စက်တင်ဘာလထဲမှာ လျှပ်စစ်ယာဉ်လုပ်ငန်းမှတ်ပုံတင်ထားပါတယ်။ ဒီလုပ်ငန်းမှာ ဝန်ထမ်း ၃၀၀ ရှိပြီး လေဂျန်ကိုယ်တိုင် ဦးဆောင်တယ်လို့ ဆိုပါတယ်။
ကနဦးရင်းနှီးမြှပ်နှံမှုအနေနဲ့ ဒေါ်လာ ၁.၅ ဘီလျံခန့် ရင်းနှီးမြှပ်နှံထားပြီး နောက်ထပ် ၁၀ နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှပ်နှံသွားဖို့လည်း ရှိပါတယ်။