အင်းစိန်မြို့နယ်မှာ Kpay ကနေ ရာခိုင်နှုန်း နဲ့ငွေလဲဖို့ စောင့်နေသူ ၂ ဦး ငွေတွေလုခံရတဲ့အပြင် သေနတ်နဲ့ပါပစ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှု မနေ့က ဒီဇင်ဘာလ ၁၈ ရက်နေ့ညကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။



ဖြစ်စဉ်မှာ အင်းစိန်မြို့၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းနဲ့ အင်းစိန်ဂုံး တံတားအဆင်းမှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးသည် ငွေလဲဖို့စောင့်နေစဉ် ဆိုင်ကယ်နဲ့အမျိုးသားနှစ်ဦးရောက်လာပြီး ငွေကိုလုယူကာ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီပစ်ခတ်မှုကြောင့် ငွေလဲဖို့စောင့်နေသူထဲက အမျိုးသားတစ်ဦး ခေါင်းကိုကျည်ထိမှန်ကာသေဆုံးခဲ့သလို အတူပါလာတဲ့ အမျိုးသမီးလည်းကျည်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

" ကျနော်တို့လည်း အဲဒီသတင်း အခုမနက်မှသိတာ။ ငွေလာလဲတဲ့သူတွေက သင်္ဃန်းကျွန်းကလို့ ပြောတယ်။ ငွေလဲဖို့ သူတို့ကားနဲ့ လာစောင့်ချိန် သူတို့ဆီကပြန်လုခံရတာ။ ည၉နာရီကျော်အချိန်၊ ဒီလိုကာလကြီးမှာငွေ သိန်းထောင်ကျော်အထုတ်နဲ့ကားမောင်းပြီးအပြင်ထွက်ပြီးငွေလဲဖို့ လမ်းပေါ်မှာစောင့်တာ ကိုယ့်အန္တရာယ်ကိုယ် မစဉ်းစားလို့ပေါ့။ ရာခိုင်နှုန်းကို လောဘကြီးကြတာ။ အခုတော့အသက်ပေးလိုက်ရတယ် " လို့ အင်းစိန်ဒေသခံတစ်ဦးကပြောပါတယ်။

ငွေလဲဖို့အတွက် ငွေသားကိုင်ပြီးလာရောက်စောင့်နေသူတွေဟာ သင်္ဃန်းကျွန်းမြိုနယ်နေထိုင်သူတွေဖြစ်ကြောင်း၊ ငွေသား သိန်း ၁၂၀၀ လုယက်ခံခဲ့ရပြီး အသံတိတ်သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေ ကဆိုပါတယ်။

" ငွေယူပြီးထွက်ပြေးချိန် လမ်းပေါ် ပိုက်ဆံတွေကျကျန်ခဲ့တယ်လို့လည်း ကြားတယ်။အသံတိတ်သေနတ်နဲ့ပစ်တာတဲ့။ ဖြစ်တဲ့နေရာမှာသေနတ်ရော၊ ကျည်ရောတွေ့တယ်လို့ ပြောတယ်။ " လို့နောက်ထပ် အင်းစိန်ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါလုယက်မှုမှာ ဒဏ်ရာရရှိ ခဲ့တဲ့အမျိုးသမီးကိုတော့ ညတွင်းချင်း ဆေးကုသဖို့ခေါ်ဆောင်သွားကြောင်း၊ ငွေလုယက်ခဲ့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းရှိသေးဘူးလို့သိရပါတယ်။

Share

Loading Next Article...
က္က