ပီအက်စ်ဂျီ နောက်ခံလူ ရာမို့စ်တယောက် ခြေသလုံးကြွက်သားဒဏ်ရာနဲ့ ဒီတရာသီလုံး ရုန်းကန်နေရပြီး ကစားသမားဘဝကနေ အနားယူရတဲ့အထိ ဆိုးရွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ရာမို့စ်ကတော့ တယောက်တည်း ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်း အသင်းအတွက် အပြည့်အဝ ကစားနိုင်အောင် ပြင်ဆင်နေခဲ့ပါတယ်။
ရာမို့စ်ဟာ ရီးရဲယ်မက်ဒရစ်ရဲ့ ဂန္တဝင်ကစားသမားဟောင်း တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ရာမို့စ်ဟာ ရီးရဲယ်မက်ဒရစ်မှာ ဆက်နေဖို့ ဆန္ဒရှိခဲ့ပေမယ့် စာချုပ်သစ် အဆင်မပြေဖြစ်ခဲ့တာကြောင့် အခုလိုပဲ ပဲရစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ရာမို့စ်ဟာ ပီအက်စ်ဂျီကို ရောက်ရှိလာပြီးတည်းက ပြိုင်ပွဲစုံမှာ (၅) ပွဲသာ ပါဝင်ကစားနိုင်သေးပြီး အမြဲတမ်းလိုလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ရာမို့စ်ရဲ့ ခြေသလုံးကြွက်သားတွေက ပျက်စီးနေတယ်လို့လည်း ပြင်သစ်လက်ရွေးစင်ရဲ့ ဆေးအဖွဲ့ခေါင်းဆောင်ဟောင်းက သုံးသပ်ပြောကြားခဲ့ပါသေးတယ်။
ပီအက်စ်ဂျီဟာ ရာမို့စ်နဲ့ စာချုပ်ကို ဖျက်သိမ်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် ဒီသတင်းတွေကို နှစ်ဖက်လုံးက အခိုင်အမာငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာမို့စ်ရဲ့ ကစားသမားဘဝ ရှေ့ဆက်ဖို့က မရေမရာ အနေအထားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက “ကျနော်တို့ ရာမို့စ်နဲ့ စာချုပ်ချုပ်ခဲ့တုန်းက သူ့ရဲ့ကြံ့ခိုင်မှုပိုင်းက ကောင်းပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ လိုချင်ခဲ့တဲ့အရာက မဖြစ်လာခဲ့ပါဘူး။ ဒါပေမယ့် စောင့်ကြည့်ကြတာပေါ့၊ ရာသီမကုန်သေးပါဘူး”
“သူ ဆက်မကစားနိုင်တော့ဘူးဆိုတဲ့ နေ့ကျရင် ကျနော်တို့ ပြောပါမယ်။ လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် အသိပေးပါမယ်။ လောလောဆယ်တော့ မဟုတ်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။