ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်က ပြီးခဲ့တဲ့နွေရာသီစျေးကွက်မှာ ရီးရဲလ်မက်ဒရစ်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ နောက်ခံလူကြီး ရာမို့စ်ကို အခုချိန်ထိ လွမ်းဆွတ်နေဆဲဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ အဆိုပါ စပိန်အသင်းခေါင်းဆောင်ဟောင်းကြီးဟာ မက်ဒရစ်မြို့ခံအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့တာပါ။
ရာမို့စ်နဲ့မိုဒရစ်တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ အတော်လေးရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပြီး အခုချိန်ထိလည်း နေ့တိုင်း အဆက်အသွယ်ပြုလုပ်ဖြစ်နေတယ်လို့ မိုဒရစ်ကပြောပါတယ်။ “အောင်မြင်တဲ့အသင်းတွေမှာ အချိန်အကြာကြီး အတူရှိခဲ့တဲ့ ကစားသမားတွေရဲ့ ထွက်ခွာမှုက နာကျင်ရပါတယ်။ ဒါက လူတိုင်းအတွက်ပါပဲ”
“(၉) နှစ်ကြာပြီးတဲ့နောက် ရာမို့စ်က ထွက်ခွာသွားပါတယ်။ ကျနော် ရီးရဲလ်မက်ဒရစ်ကို စရောက်တဲ့ ပထမဆုံးနေ့တည်းက ရာမို့စ်ကကျနော်နဲ့ အနီးကပ်ရှိခဲ့ပြီး ကျနော့်ကို အသင်းမှာ အသားကျအောင် ကူညီအားပေးခဲ့ပါတယ်။ ကျနော့်ရဲ့ အလားအလာကို သူက ယုံကြည်ခဲ့ပြီး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တယ်၊ မိသားစုချင်းလည်း ရင်းနှီးခဲ့ကြပါတယ်”
“ကျနော်တို့တွေ နွေရာသီအားလပ်ရက်မှာတောင် အတူတူခရီးတွေထွက်ခဲ့ကြတာပါ။ အခုချိန်ထိလည်း နေ့တိုင်း အဆက်အသွယ်ရှိပါတယ်။ အနည်းဆုံးတော့ မက်ဆေ့ချ်လေးတစောင်ပို့ဖြစ်ပါတယ်။ သူနဲ့အတူလည်ပတ်ခဲ့ရတဲ့အချိန်တွေကို ကျနော်လွမ်းဆွတ်နေရဆဲပါ။ ဒါပေမယ့် ဘောလုံးမှာ ဒါတွေကဖြစ်တတ်တဲ့အရာတွေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
အဆိုပါခရိုအေးရှားအသင်းခေါင်းဆောင်ကြီးဟာ လာလီဂါကိုရောက်ခါစမှာ အဆိုးရွားဆုံးခေါ်ယူမှုအဖြစ်တောင် သတ်မှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်ခြေစွမ်းပြလာခဲ့ပြီး လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ရဲ့ မရှိမဖြစ် ကစားသမားတယောက်အနေနဲ့ အသုံးတော်ခံနေရဆဲဖြစ်ပါတယ်။ ရာမို့စ်ကတော့ ပီအက်စ်ဂျီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့တောင် သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။