သူတို့ကစားသမားကို ထပ်မံလှောင်ပြောင်ခဲ့ကြပါတယ်။

မက်ဆီနဲ့နေမာတို့ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့ ပီအက်စ်ဂျီပရိသတ်တွေဟာ မနေ့က လော်ရီယန့်နဲ့ပွဲမှာလည်း ဒဏ်ရာကပြန်လည်သက်သာလာပြီး လူစားဝင်ကစားခဲ့တဲ့ နောက်ခံလူရာမို့စ်ကိုလည်း လှောင်ပြောင်မှုတွေထပ်လုပ်သွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ မာကွင်ဟို့စ်နေရာမှာ ဝင်ရောက်လာခဲ့ပြီး ၁၈ မိနစ်ကြာ ကစားပေးခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ရာမို့စ်က လူစားလဲလှယ်ပြီး ကွင်းထဲပြေးလာချိန်မှာ ပရိသတ်တွေက ဝိုင်းဝန်းပြီး Boo လို့ အော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။ ရာမို့စ်ဘောလုံးထိတိုင်းမှာလည်း ထပ်မံလှောင်ပြောင်ခဲ့ကြပြီး ပရိသတ်တွေက သူတို့အသင်း အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေ အလုပ်မဖြစ်တဲ့အပေါ်မှာ ဒေါသထွက်နေတယ်လို့ ယူဆရပါတယ်။ 



ရာမို့စ်ဟာ ပီအက်စ်ဂျီကို ရောက်ရှိချိန်ကစလို့ ပွဲကစားရတာထက် အနားယူရတဲ့အချိန်က ပိုများနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရှိရင်းစွဲကစားသမားတွေထဲမှာ ရာမို့စ်၊ မက်ဆီတို့ ပေါင်းထည့်ခဲ့လို့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့် မျှော်လင့်ချက်တွေ ကြီးထွားခဲ့ပေမယ့် ၁၆ သင်းအဆင့်မှာပဲ ရီးရဲလ်ကို အရေးနိမ့်လို့ ပီအက်စ်ဂျီထွက်ခွာခဲ့ရပါတယ်။ 

ပီအက်စ်ဂျီကစားသမားဘ၀မှာ ရာမို့စ်က ဒဏ်ရာ ၃ ကြိမ်ရရှိခဲ့ပြီး စုစုပေါင်း ၁၈၁ ရက်ကြာ အနားယူခဲ့ရပြီး ၃၁ ပွဲအထိ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီနဲ့ နေမာကို လှောင်ပြောင်ခဲ့လို့ ပြန်လည်ဝေဖန်မှုတွေကို ခံခဲ့ရပေမယ့်လည်း ဆာဂျီယိုရာမို့စ်ကို လှောင်ပြောင်ဖို့အတွက် ဝန်လေးခြင်းမရှိခဲ့သလို နည်းပြပိုချက်တီနိုကိုလည်း အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က