မက်ဆီက လှပတဲ့သွင်းဂိုးတဂိုးကို သွင်းပြခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် မက်ဆီဟာ မနေ့ညက ထရွိုင်းစ်ကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ လှပတဲ့သွင်းဂိုးတဂိုးကို သွင်းယူပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ အနိုင်ရခဲ့ပေမယ့် ဧည့်သည်အသင်းရဲ့ ဦးဆောင်ခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။



ဒါပေမယ့် အသင်းပြန်လာနိုင်ဖို့အတွက် အရေးပါတဲ့ ချေပဂိုးတဂိုးကို မက်ဆီက ပွဲကစားချိန် (၅၅) မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ အသင်းဖော် နောက်ခံလူ ရာမို့စ် ပေးလိုက်တဲ့ ဘောလုံးကို ကိုက် (၃၀) အကွာလောက်ကနေ ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ဂိုးပေါက်ထဲ ကန်သွင်းယူခဲ့တာပါ။ မက်ဆီရဲ့ ကန်ချက်က ပြိုင်ဘက်ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပါတယ်။



ဒီဂိုးကြောင့် ပီအက်စ်ဂျီတို့ နှစ်ဂိုးစီသရေရလဒ် ပြန်လည်ရရှိသွားခဲ့ပြီး နောက်ထပ် အနိုင်ဂိုးတွေပါ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ နေမာ၊ အမ်ဘာပေတို့က ဂိုးတွေထပ်မံသွင်းယူပေးခဲ့တာဖြစ်ပြီး ချေပဂိုးတဂိုး ပြန်ပေးခဲ့ရသေးတာကြောင့် ပွဲအပြီးမှာ ပီအက်စ်ဂျီတို့ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

တချိန်က အယ်လ်ကလက်စီကိုမှာ မဟာပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ ရာမို့စ်နဲ့ မက်ဆီတို့နှစ်ယောက် အခု ပီအက်စ်ဂျီမှာ အသင်းဖော်တွေဖြစ်နေကြပြီး ထရွိုင်းစ်နဲ့ပွဲမှာလည်း ရာမို့စ်ပေးလိုက်တဲ့ ဘောလုံးကတဆင့် မက်ဆီက လှပတဲ့သွင်းဂိုးတဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး ရာမို့စ်ရဲ့ ဖန်တီးပေးမှုကတဆတင့် မက်ဆီ ဂိုးသွင်းတာက ပရိသတ်တွေ တခါမှ အိပ်မက်မမက်ဖူးတဲ့အရာမျိုးလို့လည်း ဆိုနေကြပါတယ်။

မက်ဆီရဲ့ သွင်းဂိုးအပေါ်မှာလည်း ပရိသတ်တွေက “GOAT တယောက်ရဲ့ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ဂိုးလဲ” “ဒီရာသီအတွက် အကောင်းဆုံးသွင်းဂိုးပဲ” “ဘောလုံးကစားဖို့အတွက် ထာဝရအကြီးကျယ် အခမ်းနားဆုံးကစားသမား” အစရှိသဖြင့် အမွှန်းတင်ချီးကျူးနေကြပါတယ်။ မက်ဆီဟာ ဒီရာသီမှာလည်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲကစား၊ သွင်းဂိုး (၁၂) ဂိုးရရှိထားသလို ဂိုးဖန်တီးမှုကလည်း (၁၇) ကြိမ်အထိရှိနေကာ အကောင်းဆုံးခြေစွမ်းတွေကို ပြသလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က