သက်တမ်းရင့်မုန့်ဆိုင်တွေဖြစ်ပါတယ်။

အစားအသောက်ကောင်းကောင်းစားရတာကြိုက်နှစ်သက်သူတွေအတွက် ရန်ကင်းမြို့နယ်ထဲရောက်ရင် ဘာစားရင်ကောင်းမလဲလို့ တွေးနေစရာမလိုတော့ပါဘူး။ လက်ရာကောင်းကောင်းနဲ့ မိသားစုမျိုးရိုးစဉ်ဆက်အလိုက် ရောင်းချနေပြီး ဈေးနှုန်းလည်းသင့်တဲ့ မုန့်ဆိုင် (၃) ဆိုင်နဲ့ Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။



ဒေါ်ထွေးမုန့်ပျားသလက်လို့ဆိုတာနဲ့ ရန်ကင်းသူ/သားတွေ အားလုံးသိတဲ့ဆိုင်လေး

အဖွားကနေ သမီး ၊သမီးကနေ မြေးအထိ လက်ဆင့်ကမ်းလုပ်ကိုင်လာတဲ့ မုန့်ပျားသလက် ဆိုင်လေးတစ်ခု ရန်ကင်းမြို့နယ်မှာ ရှိပါတယ်။ ရန်ကင်း ဒေါ်ထွေးမုန့်ပျားသလက် လို့ဆိုလိုက်ရင် ရန်ကင်းမှာ ကြီးပြင်းလာသူအားလုံး သိကြမှာ ဖြစ်ပြီး ရန်ကင်းနာမည်ကြီး မုန့်ဆိုင်စာရင်းထဲမှာ ထိပ်ဆုံးက ပါနေမှာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ အနှစ်(၅၀) က အဖွားဒေါ်ထွေး ဖြစ်သူကနေစတင်ရောင်းချခဲ့တာပါ။ အညာကနေ ရန်ကုန်ကအမျိုးတွေရှိတဲ့ ရန်ကင်းကိုတတ်လာရင်း ဘိန်းမုန့်နဲ့မုန့်ပျားသလက်ဆိုင်လေး ဖွင့်လှစ်ပြီး ရောင်းချခဲ့တာပါ။ မုန့်ပျားသလက်တစ်ခုကို ပြား၃၀၊ ပြား၅၀ခေတ်ထဲက ရောင်းချခဲ့တဲ့ ဒေါ်ထွေးမုန့်ပျားသလက် ဆိုင်လေးဟာ အရသာနဲ့ စေတနာကြောင့် စားသုံးသူတွေ ကြိုက်နှစ်သက်ခဲ့ပြီး ယနေ့တိုင် ရပ်တည်နေနိုင်တဲ့ ဆိုင်လေးပါ။

လက်ရှိမှာတော့ မုန့်ပျားသလက်ဆိုင်လေးကို အဖွားဒေါ်ထွေးရဲ့ မျိုးဆက်တွေက ဆက်လက်လုပ် ကိုင်နေကြပါ တယ်။ မိသားစုလုပ်ငန်းလေးအဖြစ် မုန့်လုပ်နည်းလေးကို အဆင့်ဆင့်အမွေဆက်ခံပြီး ထိန်းသိမ်းလုပ်ကိုင်နေကြတာပါ။ ဆိုင်နေရာလေးကတော့ ရန်ကင်း-၅လုံးတန်း၊ ရန်နိုင်လမ်းသွယ်(၇)အဆုံး၊ပိုက်လုံးကြီးအနီးမှာဖြစ်ပြီး မနက်၆နာရီကနေ ညနေ၅နာရီအထိ ဖွင့်လှစ်ထားပါတယ်။ 

မိသားစုလက်ဆင့်ကမ်းဆိုင်လေးအဖြစ်ရပ်တည်နေတဲ့ ရန်ကင်းမိုးကောင်းစမူဆာသုပ်

နှစ် (၆၀) ကျော်တိုင်အောင် စားသုံးသူတွေရဲ့ အခိုင်အမာအားပေးမှုနဲ့ ရပ်တည်နေတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းမှတ်တိုင်အနီးက စမူဆာသုပ်ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ အဘိုး၊အဘွားတွေခေတ်က တစ်ပွဲကို ပြား (၂၀) ခေတ်က စခဲ့ပြီး လက်ရှိဆိုင်ကို ဦးစီးနေသူကိုမင်းမင်းလက်ထက်မှာတော့ တစ်ပွဲကို (၁၅) ကျပ် လောက်နဲ့စရောင်းခဲ့တာလို့ ဆိုပါတယ်။

ဒီဆိုင်လေးရဲ့ ထူးခြားချက်က နှစ် (၆၀) ကျော်အထိ စမူဆာသုပ်လေးရဲ့ လက်ရာက အခုထိမပြောင်းလဲဘဲ ကောင်းမွန်နေဆဲပါ။ စမူဆာနဲ့ ဗယာကြော် ကြွပ်ကြွပ်ရွရွလေးကို ပဲလုံး၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ပူစံနံတို့ ထည့်ပြီး ပဲဟင်းရည်လေးဆမ်းကာ အရသာမှုန်၊ မဆာလာ၊ ငရုတ်သီးမှုန်နဲ့ ငရုတ်သီးတောင့်လေးတွေနဲ့ စားရတာကိုက ဒီဆိုင်လေးရဲ့ အားသာချက်ပါ။ အကြော်တွေက ဘယ်တော့မှ ပျော့နေတာမျိုးမရှိဘဲ ပဲဟင်းရည်လေးနဲ့ ချဉ်ငံစပ်အရသာလေး တွဲဖက်စားသုံးတဲ့အခါ အစပ်အဟပ်တည့်နေတာပါ။

စဖွင့်ကာစတုန်းက ရန်ကင်းဆယ့်နှစ်လုံးတန်းဈေးထဲမှာ ဖြစ်ပြီး အခုတော့ ဆယ့်နှစ်လုံးတန်းမှာတစ်ဆိုင်နဲ့ မိုးကောင်းမှတ်တိုင်မှာ တစ်ဆိုင် စုစုပေါင်း နှစ်ဆိုင် ဖွင့်လှစ်ထားတာပါ။ စမူဆာကြွပ်ကြွပ်လေးနဲ့ ပဲဟင်းရည်ပူပူလေးဆမ်းထားတဲ့ စမူဆာသုပ်လေးစားချင်တယ်ဆိုရင်တော့ နေ့လယ် (၂) နာရီကနေ ညနေ (၆) နာရီကျော်လောက်ထိ မှာယူစားသုံးနိုင်ပါတယ်။

ပြည်ပရောက်မြန်မာတွေ အလွမ်းပြေမှာစားရတဲ့ သိမ်းသန်းဦးထောပတ်ဘိန်းမုန့်

သိမ်းသန်းဦးထောပတ်ဘိန်းမုန့် ဆိုင်လေးကိုတော့ (၁၉၉၅)ခုနှစ်က စတင်ကာ ရန်ကင်းမြို့နယ် ၁၂လုံးတန်းမီးပွိုင့် အနီးမှာ ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီဘိန်းမုန့်ဆိုင်လေးဟာ နှစ်(၃၀)နီးပါးတိုင်အောင် ရပ်တည်နိုင် တဲ့အထိ စားသုံးသူ ဖောက်သည် အခိုင်အမာရရှိထားတဲ့ ဆိုင်လေးပါ။ စားဝတ်နေရေးအတွက် စတင်ခဲ့တဲ့ အလုပ်လေးဖြစ်ပေမယ့် အလုပ်ကို စေတနာပါပါနဲ့ ဂရုတစိုက် လုပ်ဆောင်ခဲ့တာ တွေကြောင့် စားသုံးသူတွေ ကြားမှာနာမည်ရလာပြီး မြန်မာမုန့် ကြိုက်နှစ်သက်သူတွေ တကူးတက လာရောက်စားသုံးကြရတဲ့ ဘိန်းမုန့် ဆိုင်လေးလည်းဖြစ်ပါတယ်။

ဒီထောပတ်ဘိန်းမုန့်လေးရဲ့ စားကောင်းရတဲ့ လျှိူ့ဝှက်ချက်လေးကတော့ မုန့်ရည်စပ်ရာမှာ မုန့်ကို အချဉ်မဖောက်ဘဲ လတ်လတ်ဆတ်ဆတ် လုပ်တာကြောင့်ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်တာကြောင့် မုန့်က အေးသွားချိန်မှာတောင် မာမာကြီးဖြစ်မနေဘဲ နူးညံပြီးစားကောင်းတာဖြစ်ပါတယ်။

အရသာကောင်းလွန်းတဲ့ ထောပတ်ဘိန်းမုန့်လေးကို ပြည်တွင်းကစားသုံးသူဖောက်သည်တွေသာမက ပြည်ပက ဖောက်သည်တွေကပါ တကူးတကမှာယူစားသုံးကြပါတယ်။ ပြည်တွင်းကသူတွေ ပြည်ပနိုင်ငံတွေသွားရောက် တဲ့အခါမှာလည်း ဝယ်သွားတတ်သလို ပြည်ပမှာနေထိုင်သူတွေကိုလည်း ဆွေမျိုးမိတ်ဆွေတွေက လက်ဆောင်ထည့်ပေးရတဲ့အထိ အောင်မြင်မှုရရှိနေတဲ့ ထောပတ်ဘိန်းမုန့်လေးပါ။

ဆိုင်နေရာလေးကတော့ ရန်ကင်းလမ်းမကြီး၊(၁၂)လုံးတန်းမီးပွိုင့်အနီးမှာ ဖြစ်ပြီး မနက် (၈) နာရီက ညနေ (၆) နာရီထိ ဖွင့်လှစ်ထားပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က