ဧည့်စာရင်းတိုင်ကြားရာမှာ အခက်အခဲရှိတဲ့ဟိုတယ်တွေအနေနဲ့ ညအိပ်လက်မခံတာဖြစ်ပါတယ်။

ရန်ကုန်က ဟိုတယ်တချို့နဲ့ တည်းခိုခန်းတချို့အနေနဲ့ ညအိပ်ဧည့်သည်လက်မခံဘဲ နေ့အချိန်ပိုင်းနဲ့ လက်ခံသလို တချို့ဟိုတယ်တွေကတော့ လုံးဝပိတ်ထားလျှက်ရှိပါတယ်။

ဒီကာလမှာ ဧည့်စာရင်းတိုင်ရတာအခက်အခဲရှိတာကြောင့် ဧည့်သည်တွေရဲ့ လုံခြုံရေး ၊ ဟိုတယ်ရဲ့ လုံခြုံရေးအတွက် အခုလို ညအိပ်လက်ခံခြင်းမပြုတာဖြစ်တယ်လို့သိရပါတယ်။

“ ညီမတို့ ဟိုတယ်က ပိတ်ထားပါတယ်။ ဧည့်သည်တွေအတွက် ဧည့်စာရင်းတိုင်ကြားဖို့အတွက်က အဆင်မပြေတဲ့အခါမျိုးတွေရှိတယ်။ အဲဒီလိုအချိန်မျိုးမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာခဲ့ရင် ဧည့်သည်တွေလုံခြုံရေးကိုလည်း စိုးရိမ်ရတယ်။ ဟိုတယ်အနေနဲ့လည်း အန္တရာယ်ရှိတယ်။ ဒီကာလတော့ ပိတ်ထားရင်းနဲ့ ဟိုတယ်အတွက် လိုအပ်တဲ့ အဆောက်အဦးပြင်ဆင်မှုတွေတော့ လုပ်နေတယ်”လို့ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧည့်စာရင်းက အရင်လို အလွယ်တကူတိုင်လို့မရဘဲ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ နေရာကိုသာသွားရပြီး ဧည့်စာရင်းတိုင်ရတဲ့ အုပ်ချုပ်ရေးရုံးတွေက အမြဲမဖွင့်တဲ့အတွက် နေ့စဥ်ဝင်နေတဲ့ ဧည့်သည်တွေအတွက် ဧည့်စာရင်းတိုင်ကြားရတာ အခက်အခဲရှိတာဖြစ်လို့ သိရပါတယ်။ 

တချို့ဟိုတယ်တွေကတော့ ညအိပ်ဧည့်သည်တွေကို အရင်အတိုင်း ဆက်လက်လက်ခံပေးလျှက်ရှိပါတယ်။

“ ရပါတယ် ခင်ဗျ။ မှတ်ပုံတင်တော့ပါမှဖြစ်မယ် ။ ဧည့်စာရင်းတိုင်ရမှာ။ ဟိုတယ်ကပဲ ဧည့်စာရင်းတိုင်ပေးပါတယ်။ တချို့နေရာတွေမှာတော့ ဧည့်စာရင်းကိစ္စတွေကြောင့် ညအိပ်ဧည့်သည်လက်မခံဘူး။ ကျွန်တော်တို့ဆီကတော့ လက်ခံပါတယ်” လမ်းမတော်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။ 

လက်ရှိနိုင်ငံရေး အခြေအနေအရ သက်ဆိုင်ရာမြို့နယ်တိုင်းမှာ ညအိပ်ညနေ လာတဲ့ ဧည့်သည်တွေအနေနဲ့ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားနေကြရတာပါ။

မြို့နယ်အလိုက် အလျင်းသင့်သလို ဧည့်စာရင်းဝင်စစ်ဆေးမှုတွေကလည်း မကြာခဏပြုလုပ်နေတာကြောင့် ဟိုတယ်တွေ တည်းခိုခန်းတွေအနေနဲ့ကလည်း ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် မဖြစ်မနေတာဝန်ယူဆောင်ရွက်နေရတာဖြစ်ပါတယ်။

ဧည့်စာရင်းတိုင်ဖို့ အခက်အခဲရှိတဲ့ နေရာတွေက ဟိုတယ်တွေ တည်းခိုခန်းတွေအနေနဲ့ကတော့ ညအိပ်ဧည့်သည်လက်မခံဘဲ အချိန်ပိုင်းသာ ဝန်ဆောင်မှုပေးပြီး ဖွင့်လှစ်ထားလျှက်ရှိပါတယ်။


Share

က္က