ရှမ်းပြည်နယ်၊ ကျိုင်းတုံဒေသရဲ့ ဓလေ့အစားအစာတစ်ခုဖြစ်တဲ့ ခေါက်ဆွဲခပ် (ချပ်)နဲ့ ခေါက်ရှောက် (ဂျယ်လီခေါက်ဆွဲ) အစားအစာလေးကတော့ အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာနာမည်ကြီးစပြုလာပြီးတော့ ရန်ကုန်မြို့မှာ အဲဒီအစားအစာကို ရောင်းတဲ့ဆိုင်လေး တစ်ဆိုင်နှစ်ဆိုင်တွေ့လာရပါတယ်။ အဲဒီဆိုင်တွေထဲမှာ အခုမိတ်ဆက်ပေးတဲ့ ၁၂/စားနိုင်သောက်-နိုင် ဆိုင်လေးလည်းပါဝင်ပါတယ်။
ရန်ကုန်မှာလက်ချိုးရေလို့ရတဲ့ ခေါက်ဆွဲခပ်ရတဲ့ဆိုင်လေး
၁၂/စားနိုင်သောက်-နိုင်ဆိုင်လေးမှာ ခေါက်ဆွဲခပ် (ချပ်) နဲ့ ခေါက်ရှောက် (ဂျယ်လီခေါက်ဆွဲ) ရတာကတော့ ဒီဆိုင်လေးရဲ့ ထူးခြားမှုတစ်ခုပါ။ ဆန်မှုန့်ကို အရည်ဖျော် အပူပေးပြီး အပြားပါးပါးလေးပေါ်မှာ ကြက်ဥ၊ ကြက်အူချောင်း၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ထည့်ပြီး လိပ်ပြီးစားရတာဖြစ်ပါတယ်။ ခေါက်ရှောက် (ဂျယ်လီခေါက်ဆွဲ)ကတော့ ဂျယ်လီလို အတုံးကြီးကနေ ခြစ်ယူပြီး ခေါက်ဆွဲအဖတ်တွေ ဖြစ်အောင်လုပ်ကာ ကြိုက်နှစ်သက်ရာ အနှစ်၊ အဆာပလာတွေထည်ပြီး စားရတာဖြစ်ပါတယ်။ ဒီအစားအစာတွေက ရန်ကုန်မြို့မှာ သိပ်မတွေ့ရတာကြောင့် ရှားပါးအစားအစာတစ်ခုလည်းဖြစ်ပါတယ်။
ဒီဇိုင်နာတစ်ဦးရဲ့ ဖန်တီးမှုလက်ရာတွေကို မြင်တွေ့ရမယ် ၁၂/စားနိုင်သောက်-နိုင်
ဒီဆိုင်လေးကတော့ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ မဆုနှင်းထက်ရဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီဇိုင်နာမဆုနှင်းထက်က မင်းကတော်ငါးပိရည်ဆိုပြီး အွန်လိုင်းကနေ စတင်ရောင်းချဖြစ်ရာကနေ နောက်ထပ်ဆိုင်တစ်ခုအဖြစ်နဲ့ ယိုးဒယားစာ၊ တရုတ်စာ အပြင် ရိုးရာအစားအစာတွေ အစုံရတဲ့ ၁၂/စားနိုင်သောက်-နိုင် ဆိုင်လေးအဖြစ် ထပ်မံဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
“ အစ်မက မင်းကတော်ငါးပိရည်ဆိုပြီး အွန်လိုင်းမှာစရောင်းခဲ့တယ်။ ရောင်းရင်းကနေ အစ်မရဲ့ ခြံထဲမှာပဲ မြန်မာထမင်းဟင်းတွေရတဲ့ မင်းကတော် စားဖိုဆောင်ဆိုပြီး ဖွင့်ထားပါတယ်။ အခုကျတော့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး မြန်မာထမင်းဟင်းအပြင် မနက်စာကနေ ညစာအထိအစုံရတဲ့ ဒီ ၁၂/စားနိုင်သောက်-နိုင် ဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာပါ။” လို့ ဆိုပါတယ်။
ဓာတ်ပုံအလန်းစားတွေရိုက်လို့ရမယ့်အပြင်အဆင်နဲ့စားသုံးသူတွေကိုဆွဲဆောင်ထား
အလှအပတွေကိုချစ်မြတ်နိုးတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီ ဆိုင်ရဲ့အပြင်အဆင်ကလည်း အလှအပဖန်တီးမှုတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ထားတာပါ။ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ဓာတ်ပုံလှလှလေးရိုက်လို့ရမယ့် ပန်းလေးနဲ့စက်ဘီးလေးကို အလှဆင်ထားတာအပြင်၊ ဒန်းလှလှလေးတွေနဲ့ သစ်သားခုံတန်းလေးတွေနဲ့ ဝါးဓနိအကာအရံလေးတွေကို မြင်ရတာကိုက စိတ်ချမ်းမြေ့ဖွယ်ဖြစ်နေတာပါ။
“ ကိုယ်လှပရတာထက်က သူများကိုလှပအောင် ဖန်တီးပေးရတာကြိုက်တယ်။ ဒီဆိုင်လာရင် ဓာတ်ပုံလေးတွေ ရိုက်လို့ရအောင် ၊ ဆိုင်ထဲကိုဝင်တာနဲ့ လန်းလန်းဆန်းဆန်းနဲ့ အမြင်တစ်မျိုးလေးဖြစ်အောင် အစ်မကိုယ်တိုင် ဆိုင်အပြင်အဆင်ကို သေချာစဉ်းစားပြီး လုပ်ထားတာပါ။ ” လို့ ဒီဇိုင်နာ မဆုနှင်းထက်က ဆိုပါတယ်။
ရိုးရာဓလေ့အစားအစာ၊ ထိုင်းနဲ့ တရုတ်စာ တို့ပါရတဲ့ဆိုင်လေး
ဒီဆိုင်လေးမှာ မြန်မာထမင်းဟင်းကို ဖက်ထမင်းပုံစံလေးနဲ့ဟင်းအမျိုးအစားစုံလင်စွာရတဲ့အပြင် မနက်ခင်းအစားအစာမျိုးစုံ၊ မန္တလေးဒေသအစားအစာမျိုးစုံဖြစ်တဲ့ နန်းကြီး၊နန်းလတ်မျိုးစုံ၊ ခိုတောင်မုန့်တီ၊ ရှမ်းအစားအစာဖြစ်တဲ့ ခေါက်ဆွဲချပ် နဲ့ ခေါက်ရှောက်တို့အပြင် ယိုးဒယားအစားအစာမျိုးစုံနဲ့ တရုတ်အစားအစာမျိုးစုံတို့လည်း ရနိုင်ပါတယ်။ ဒါ့အပြင် ညနေခင်းမှာဆိုရင်လည်း ထမင်းကြော်နဲ့ဟင်းမျိုးစုံတို့ပါ တွဲဖက်ရရှိနိုင်ပါသေးတယ်။
“ အကုန်လုံး စားနိုင်သောက်နိုင်ဆိုတဲ့အတိုင်းပဲ အကုန်လုံးကိုဈေးနှုန်းသင့်တင့်စွာနဲ့ လူတိုင်း ဒီဆိုင်လေးကို ဝင်နိုင်အောင်၊ လူတိုင်းစားနိုင်သောက်နိုင်အောင်စီစဉ်ထားပါတယ်။ ” လို့ ဆိုပါတယ်။
၁၂/စားနိုင်သောက်-နိုင် ဆိုင်လေး ထိုင်ချင်သူတွေအတွက်
ဒီဆိုင်လေးကတော့ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း၊ အမှတ် ၆၈၇ ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၇ နာရီမှ ည ၁၀ နာရီအထိပါ။ ဒါကြောင့်မို့ ဓာတ်ပုံလှလှလေး ရိုက်ချင်သူတွေ၊ အစားအသောက်ကောင်းကောင်းစားချင်သူတွေအတွက်တော့ ၁၂/စားနိုင်သောက်-နိုင် ဆိုင်လေးမှာ လာရောက် မြည်းစမ်းကြည့်ကြဖို့ Duwun က ညွှန်းပေးလိုက်တာဖြစ်ပါတယ်နော်။