ရန်ကုန်က ဘားဆိုင်တချို့နဲ့ ကလပ်တွေကို အာဏာပိုင်တွေက ယာယီပိတ်ခိုင်းထားမှုကြောင့် ဆိုင်ရှင်တချို့လည်း အခက်တွေ့လျှက်ရှိပါတယ်။
ကိုဗစ်ကာလတစ်လျှောက်လုံးမှာလည်း ဘားတွေ၊ ကလပ်တွေအနေနဲ့ ပိတ်ထားခဲ့ရတာကြောင့် ကိုဗစ်ကူးစက်မှုလျော့နည်းလာချိန် ဆိုင်တွေပြန်ဖွင့်လာတဲ့အခါမှာ အခုလို ပြန်လည်ပိတ်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။
“ ပိတ်ခိုင်းတာက ဒီလ (၆)ရက်နေ့ကစပြီး ပိတ်ခိုင်းတာ။ ဘာကြောင့်လဲဆိုတာတော့မပြောဘူး။ သူတို့ဘက်က တာဝန်ရှိသူတွေညွှန်ကြားလာတာပဲ။ ကျွန်တော်တို့က ကိုဗစ်တုန်းကလည်းပိတ်ထားခဲ့တာကြာပြီ။ ခုပြန်ဖွင့်တာတောင် သိပ်မကြာသေးဘူး ပြန်ပိတ်ရမယ်ဆိုတော့ အခက်အခဲရှိတာပေါ့။ ဝန်ထမ်းတွေကိုလည်း အကုန်ပြန်နားခိုင်းရမှာ။ ပိတ်ထားတဲ့ကာလကြာတော့ ပြန်ဖွင့်ဖို့တောင် တော်တော်လေး အဆင်ပြေအောင်လုပ်ထားရတာ။ အခုရုတ်တရက်ပြန်ပိတ်ရတယ်။ ဘယ်တော့ပြန်ဖွင့်ရမယ်ဆိုတာလည်းမသိတော့ ဘာလုပ်ရမှန်းကို မသိတော့ဘူး”လို့ ဘားဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ညွှန်ကြားလာတဲ့ အထဲမှာ ဘားတွေ ၊ ကလပ်တွေကိုသာ ပိတ်ခိုင်းတာဖြစ်ပြီး စားသောက်ဆိုင်တွေကိုတော့ ဖွင့်လှစ်ခွင့်ပေးထားပါတယ်။ တချို့ဆိုင်တွေ အနေနဲ့ကတော့ အရက်ရောင်းချတာကို ရပ်နားပြီး အစားအသောက်တွေကို ရောင်းချကာ စားသောက်ဆိုင်ပုံစံမျိုးအနေနဲ့ပဲ ဆက်လက်ဖွင့်လှစ်ထားပါတယ်။
“ စားသောက်ဆိုင်အနေနဲ့ဆိုတော့ ဖွင့်လို့ရတယ်ဆိုတော့။ အရက်၊ ဘီယာအရောင်းနားထားပြီး စားသောက်ဆိုင်အနေနဲ့ပဲ ဖွင့်ထားတယ်။ ဧည့်သည်တွေလာရင်လည်းမေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချမရောင်းဘူး။ တစ်ခုခုဆို ဒီကာလမှာဖြစ်ရင်မလွယ်ဘူးလေ။ သူတို့ပိတ်ဆို ပိတ်ထားရုံပဲ။ ကိုယ့်ဘက်က အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာပဲတွေးရတာပေါ့”လို့ အလုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ညွှန်ကြားချက်မှာ ဆိုင်တွေအားလုံးကို ပိတ်ခိုင်းတာမဟုတ်ဘဲ တချို့ဘားဆိုင်တွေနဲ့ ကလပ်တွေကိုသာ ဖွင့်လှစ်ခွင့် ယာယီပိတ်ထားတာဖြစ်ပါတယ်။
ယာယီပိတ်ခိုင်းထားပေမယ့်လည်း ဘယ်တော့ပြန်ဖွင့်ခွင့်ပေးမလဲဆိုတာတော့ မသိရဘူးလို့ ဆိုင်ရှင်တွေကပြောပါတယ်။
ညွှန်ကြားခံထားရတဲ့ ဆိုင်တွေအနေနဲ့ကတော့ လတ်တလောကာလမှာ ပိတ်ထားတဲ့ဆိုင်ရှိသလို တချို့ကတော့ စားသောက်ဆိုင်အနေနဲ့ဆက်လက်ဖွင့်ထားကြပါတယ်။
ညွှန်ကြားမှုမရရှိထားတဲ့ ဘားဆိုင်တွေကတော့ ပုံမှန်တိုင်း ဆက်လက်ဖွင့်လှစ်ရောင်းချလျှက်ရှိပါတယ်။