အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေချမယ့် ချန်ဒူးဟွမ်ကို မြောက်ကိုရီးယားက ဗုံးခွဲလုပ်ကြံသတ်ဖြတ်ရန် စီစဥ်ခဲ့ပါတယ်

တောင်ကိုရီးယားသမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ချန်ဒူးဟွမ် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ကွယ်လွန်သွားကြောင်း သိရပါတယ်။

(Photo: ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ဆိုးလ်မှာတွေ့ရသည့် ချန်ဒူးဟွမ်) (Photo: Reuters)

သွေးကင်ဆာရောဂါရှိတဲ့ အသက် ၉၀ နှစ်အရွယ် ချန်ဒူးဟွမ်ဟာ ဆိုးလ်မြို့ရှိ ၎င်းရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့ကြောင်း Yonhap သတင်းဌာနက ပြောပါတယ်။ ချန်ဒူးဟွမ်ဟာ ၁၉၇၉ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တောင်ကိုရီးယားကို ကြမ်းတမ်းပြင်းထန်စွာ အုပ်ချုပ်ခဲ့ရာ ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေ ပေါက်ပေါက်ခဲ့ပါတယ်။



သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ချန်ဒူးဟွမ်

၁၉၈၀ ပြည့်နှစ်အတွင်း Gwangju မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ထိုစဥ်က စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိဖြစ်သူ ချန်ဒူးဟွမ်ဟာ တာဝန်ရှိသူအဖြစ် စွပ်စွဲခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ချန်ဒူးဟွမ်က ထိုပြစ်မှုအတွက် ဝန်ခံခဲ့ပြီး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ချန်ဒူးဟွမ်ဟာ နိုင်ငံရဲ့စီးပွားရေး လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်ခဲ့ခြင်းနဲ့ ၁၉၈၈ ခုနှစ်မှာ ရိုတေဝူးကို သမ္မတရာထူး ငြိမ်းချမ်းစွာလွှဲပြောင်းခဲ့ခြင်းကဲ့သို့ ၎င်းရဲ့လုပ်ဆောင်ချက်တွေကြောင့် ဆိုးလ်မြို့ရှိ အထက်တရားရုံးက ၎င်းရဲ့သေဒဏ်ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။

(၁၉၉၆ ခုနှစ်က အကျဥ်းသားဝတ်စုံဖြင့်တွေ့ရသည့် ရိုတေဝူးနှင့် ချန်ဒူးဟွမ်) (Photo: Reuters)

သမ္မတရိုတေဝူးဟာလည်း ၁၉၉၃ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုနဲ့ အဂတိလိုက်စားမှုတို့ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရိုတေဝူးရဲ့သေဒဏ်ကို ထောင်ဒဏ် ၁၇ နှစ်သို့ လျှော့ပေါ့ပေးခဲ့ပြီး ၎င်းဟာ ယခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ကျောင်းသားများ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာ ပေါ်ပေါက်လာခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုဖြင့် ပြည်သူက တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့ ရွေးကောက်ပွဲစနစ် ဖော်ဆောင်ရန် တောင်းဆိုခဲ့ကြစဥ်အတွင်း ချန်ဒူးဟွမ်ဟာ သမ္မတရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အာဇာနည်ဗိမာန်မှာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့သူ

ချန်ဒူးဟွမ်က ၎င်းရဲ့သမ္မတသက်တမ်းအတွင်း ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်ခဲ့ကြပါတယ်။ ထိုခရီးစဥ်အတွင်း အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေချရန် အစီအစဥ်လည်း ပါဝင်ခဲ့ပါတယ်။ ထိုစဥ်က တောင်ကိုရီးယားသမ္မတချန်ဒူးဟွမ် အာဇာနည်ဗိမာန်သို့ မရောက်ရှိမီ ရှေ့ပြေးအဖွဲ့များ ကြိုတင်ရောက်ရှိနေစဥ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

(အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု) (Photo: AFP)

အာဇာနည်ဗိမာန်မှာ ဗုံးပေါက်ကွဲခဲ့ပြီး တောင်ကိုရီးယားဝန်ကြီးတွေ အပါအဝင် တောင်ကိုရီးယားနဲ့ မြန်မာ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ ၄၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုဟာ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားသမ္မတချန်ဒူးဟွမ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ခြင်းအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားစစ်တပ်မှ အရာရှိသုံးဦးက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး တောင်ကိုရီးယားသမ္မတချန်ဒူးဟွမ်ကို လုပ်ကြံသတ်ဖြတ်ရန် အာဇာနည်ဗိမာန်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ချန်ဒူးဟွမ်ဟာ ၎င်းလိုက်ပါလာတဲ့ယာဥ်တန်း အာဇာနည်ဗိမာန်သို့ရောက်ရှိချိန် မိနစ်အနည်းငယ် နောက်ကျခဲ့တာကြောင့် ထိုလုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားကို ၈ နှစ် အုပ်ချုပ်ခဲ့တဲ့ ချန်ဒူးဟွမ်

ချန်ဒူးဟွမ်ရဲ့ ၈ နှစ်ကြာ အုပ်ချုပ်မှုအတွင်း လူမဆန်တဲ့လုပ်ရပ်တွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း နာမည်ဆိုးထွက်ခဲ့ပါတယ်။ သို့သော် ထိုကာလအတွင်း တောင်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းခဲ့တယ်လို့ အသိအမှတ်ပြုခံခဲ့ရပါတယ်။

(Gwangju မြို့မှာ ဆန္ဒပြသူတွေကို စစ်တပ်က ဖမ်းဆီးခဲ့စဥ်) (Photo: AP)

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ချန်ဒူးဟွမ်ကို စစ်တပ်အာဏာသိမ်းမှုနဲ့ ဆက်စပ်နေတဲ့ Gwangju သတ်ဖြတ်မှုအတွက် တာဝန်ရှိသူအဖြစ် ကြားနာစစ်ဆေးခဲ့ရာ ချန်ဒူးဟွမ်က နိုင်ငံရေးအကျပ်အတည်းကနေ နိုင်ငံကိုကယ်တင်ရန် စစ်တပ်အာဏာသိမ်းမှု မလွှဲမရှောင်သာ လိုအပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး Gwangju မြို့တွင်းသို့ စစ်တပ်စေလွှတ်ခဲ့ခြင်းကို ငြင်းဆိုခဲ့ပါတယ်။ "ဒီလို တူညီတဲ့အခြေအနေ ဖြစ်လာမယ်ဆိုရင် တူညီတဲ့ဆောင်ရွက်မှုကို ကျွန်တော်လုပ်သွားမယ်ဆိုတာ သေချာပါတယ်" လို့ ၎င်းက စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၁၉၈၀ ပြည့်နှစ် မေ ၁၈ ရက်မှ ၂၇ ရက်အတွင်း Gwangju မြို့ရှိ အစိုးရဆန့်ကျင့်ရေး ဆန္ဒပြသူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ ထိုစဥ်က အသက်ရှင်ကျန်ရစ်သူတွေ၊ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုံစမ်းစစ်ဆေးသူတွေရဲ့ ထွက်ဆိုချက်တွေအရ Gwangju မြို့ဖြစ်ရပ်အတွင်း ကျောင်းသားများ ထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

က္က