၁၉၈၀ ခုနှစ်ဝန်းကျင်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တစ်ဝိုက်မှာ အစောဆုံးဖွင့်လှစ်ခဲ့တဲ့ ထမင်းပေါင်းဆိုင်တွေကို Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ ဒီထမင်းပေါင်းဆိုင်တွေ တစ်ရွာတည်းနေ ကျောက်ပန်းတောင်းသားတွေရဲ့ ဆိုင်တွေဖြစ်ပြီး အဲဒီခေတ်အခါတုန်းက ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့ အတူတူတက်လာခဲ့ကြပြီးနောက် ထမင်းပေါင်းဆိုင်တွေ အသီးသီးဖွင့်လှစ်ခဲ့ကြတာပါ။
တစ်ပွဲ (၃)ကျပ်ခေတ်က စခဲ့တဲ့ ဦးကျော်ကြီးထမင်းပေါင်း
ဦးကျော်ကြီးထမင်းပေါင်းဆိုင်ကို (၁၉၈၀) ဝန်းကျင်လောက်က ဆိပ်ကမ်းသာလမ်းထောင့်က လျှပ်စစ်ရုံးနားမှာ ဆိုင်ခန်းလေးနဲ့ စတင်ရောင်းခဲ့တာပါ၊ အဲဒီခေတ်အခါတုန်းက ကျော်ကြီးထမင်းပေါင်းလို့ အမည်ပေးထားပြီး ထမင်းပေါင်းတစ်မျိုးတည်း စရောင်းခဲ့တာပါ။ အခုတော့ ဦးကျော်ကြီး ကွယ်လွန်သွားပြီးနောက် တပည့်ဖြစ်သူတွေက ဒီဆိုင်လေးကို ဆက်လက်ဦးစီးနေပြီး အရသာကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်တာကြောင့် လူကြိုက်များတဲ့ ထမင်းပေါင်းဆိုင်လေးပါ။
“ ဦးကျော်ကြီးရော ၊ မောင်ငွေထမင်းပေါင်းရော ၃၉ လမ်းက ဒဂုံအေး ထမင်းပေါင်းရော တူတူတွေပဲ။ တစ်ရွာတည်းသားတွေ ရန်ကုန်ကို တူတူတက်လာကြပြီးတော့ထမင်းပေါင်းဆိုင်လေးတွေ စလုပ်ကြတာ။ အခုတော့ ဒီဆိုင်တွေက နောက်မျိုးဆက်တွေ ဆက်လက်လုပ်ကိုင်ကြတာပေါ့ ’’ လို့ လက်ရှိဆိုင်ကို ဦးစီးနေသူက ဆိုပါတယ်။
ကျော်ကြီးထမင်းပေါင်းဆိုင်ကတော့ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားမှာ ဖွင့်လှစ်ထားတာပါ။
နှစ် (၄၀) ကျော်အထိနာမည်ကြီးနေဆဲ မောင်ငွေထမင်းပေါင်း
ဒီထမင်းပေါင်းဆိုင်လေးကို ကျောက်ပန်းတောင်းဘက်ကနေ ရန်ကုန်ကိုတက်လာပြီး အလုပ်လာလုပ်တဲ့အလုပ်သမား ဖြစ်တဲ့ မောင်ငွေက စတင်ဖွင့်လှစ်ဖြစ်တာပါ။ ရန်ကုန်က အခြားထမင်းပေါင်းဆိုင်တွေမှာ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရင်း ကိုယ်ပိုင်ထမင်းပေါင်းဆိုင်လေးဖွင့်နိုင်ဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
“ ရန်ကုန်ကို ငယ်ငယ်လေးတည်းက စရောက်တယ်။ သူများဆိုင်မှာအလုပ်သမားလုပ်တယ်။ ဒီပညာကိုသင်ယူတယ်။ အဲဒါနဲ့ ကျွန်တော် အသက် ၂၀ လောက်မှာ ထမင်းပေါင်းဆိုင်လေးစဖွင့်တယ်။ အခုဆို ကျွန်တော့် အသက် ၆၇ နှစ်ရှိပြီ။ ထမင်းပေါင်းဆိုင်ဖွင့်တာ နှစ် (၄၀) ကျော်ရှိပြီပေါ့” လို့ ဆိုင်ရှင်ဖြစ်သူ ဦးမောင်ငွေက ပြောပါတယ်။ဒီဆိုင်လေးကတော့ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့်ကမ်းနားလမ်းကြား၊ (၃၇) လမ်း၊ အောက်ဘလောက်မှာတည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် (၈) နာရီကနေ မွန်းလွဲ (၂) နာရီအထိ ဖြစ်ပါတယ်။
ဗဟိုလေဟာပြင်ဈေးက အစပြုခဲ့တဲ့ ဒဂုံအေးမေ့မရထမင်းပေါင်း
မေ့မရထမင်းပေါင်းကတော့ ၁၉၇၈ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဘိုး၊ အဖေတွေလက်ထက်ကတည်းက ဗဟိုလေဟာပြင်ဈေးမှာ စတင်ခဲ့တာပါလို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မခင်က ပြောပါတယ်။
“ ထမင်းပေါင်းကို အဓိကထားရောင်းတယ်။ အဘိုးတို့၊ အဖေတို့ ခေတ်တုန်းကဆိုရင် ဗဟိုလေဟာပြင်ဈေးထဲမှာ ထမင်းပေါင်းဆိုင်တွေ အများကြီး ၊ ဟိုဘက် ဒီဘက် အပြိုင်ရောင်းကြတာ အမှတ်တရပေါ့နော်။ အဲဒီနောက် မင်္ဂလာဈေးမှာလည်း ရောင်းတယ်။ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာလည်း ဖွင့်သေးတယ်။ အဲ့မှာက (၁၈) နှစ် (၂၀) နှစ်လောက်ကြာသွားတယ်။ အခုတော့ ၃၉ လမ်း အောက်ဘလောက်ကို ပြောင်းခဲ့တာ ၃ နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ” လို့ဆိုပါတယ်။ဆိုင်လိပ်စာကတော့ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း ၊ မဟာဗန္ဒုလလမ်းနဲ့ ကုန်သည်လမ်းထောင့် မှာဖြစ်ပြီး မနက် (၉) နာရီလောက်ကနေ ညနေ (၅) နာရီလောက်ထိ ဖွင့်လှစ်ထားပါတယ်။
ဒီဆိုင်တွေအားလုံးကတော့ အရင်က ထမင်းပေါင်းတစ်မျိုးတည်းကိုသာ အဓိထားရောင်းချပြီး အခုတော့ ဝက်၊ကြက်၊ဘဲနဲ့ပတ်သက်ပြီး အမယ်မျိုးစုံ၊ တရုတ်အစားအစာမျိုးစုံတို့ကိုပါ ပူးတွဲရောင်းချနေတာဖြစ်ပါတယ်။ ဆိုင် (၃)ဆိုင်လုံးက နေ့လယ်ထမင်းစားချိန်မှာဆို တိုးမပေါက်အောင်စည်ကားနေပြီး ကျောက်တံတားမြို့နယ်ရဲ့ အစည်ကားဆုံးထမင်းပေါင်းဆိုင်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် မြို့ထဲဘက်ရောက်တဲ့အခါ ဒီထမင်းပေါင်းဆိုင် (၃) ဆိုင်ရဲ့ အရသာကို တစ်ခေါက်လောက် လာရောက်မြည်းကြည့်ဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။