လက်ပံပျားကြက်ကြော်ရောင်းချသူတစ်ဦး ကိုယ်တိုင် လာရောက်ရောင်းချတာ ဖြစ်ပါတယ်။

မိတ္တီလာမြို့နဲ့‌ ကျောက်ပန်းတောင်းမြို့ကြား လက်ပံပျားရွာလေးက လက်ပံပျားကြက်ကြော်ဆိုတာ ဘုရားဖူးခရီးသွားတွေအတွက် နှစ်သက်တဲ့အစားအစာတစ်ခုဖြစ်သလို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ကြတဲ့ စားစရာတစ်ခုပဲ ဖြစ်ပါတယ်။ လက်ပံပျားကြက်ကြော်စစ်စစ်ကို ဘယ်ခရီးမှသွားစရာမလိုဘဲ ရန်ကုန်မှာပဲ အလွယ်တကူ ဝယ်စားလို့ ရနေပြီလည်းဖြစ်ပါတယ်။



လက်ပံပျားကြက်ကြော် ဘာကြောင့်နာမည်ကြီးရသလဲ။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းက လက်ပံပျားကျေးရွာတစ်ရွာလုံးက ရွာသူလေးတွေဟာ ဒီကြက်ကြော်ရောင်းတဲ့အလုပ်ကိုပဲ အဓိကထားလုပ်ကိုင်ကြတာဖြစ်ပါတယ်။ မွေးမြူရေးကြက်မဟုတ်ဘဲ ဗမာကြက်စစ်စစ်ကို ဘာဟင်းခတ်မှုန့်မှ မထည့်ဘဲ ဆားတစ်မျိုးတည်းသာထည့်ပြီး နေကြာဆီစစ်စစ်နဲ့ ကြော်ထားတဲ့ လက်ပံပျားကြက်ကြော်ကို တစ်ခါစားဖူးသူတိုင်း အမြဲတမ်းထပ်စားချင်တဲ့ စားစရာတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး။

လက်ပံပျားကြက်‌ကြော်သည်တွေနဲ့ ခရီးသွားတွေရဲ့ ဆက်နွယ်မှု

ခရီးသွားတွေဟာ လက်ပံပျားရွာနားရောက်ပြီဆိုတာနဲ့လက်ပံပျားကြက်ကြော်ကို တကူးတကစားကြပါတယ်။ တစ်ရွာလုံးနီးပါး ဒီကြက်ကြော်ရောင်းတဲ့အလုပ်ကိုပဲ လုပ်ကိုင်ကြတဲ့ လက်ပံပျားရွာလေးမှာ ကြက်ကြော်‌ရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုးစျေးသည်ပေါင်း ၃၀ နီးပေါင်းလောက်ရှိပါတယ်။ ဒီစျေးသည်လေးတွေဟာ ဘုရားဖူး ခရီးသွားကားတစ်စီးဆိုက်လာပြီဆိုတာနဲ့ အလုအယက်ရောင်းကြ ဝယ်ကြတာက လက်ပံပျားရွာလေးရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ 

အခုတော့ ခရီးသွားတွေလည်း တဖြည်းဖြည်းနည်းလာတာနဲ့အမျှ လက်ပံပျားကြက်ကြော်လေးက ရွာမှာထင်သလောက် ရောင်းမကောင်းတော့ဘူးလို့ လက်ပံပျားကြက်ကြော်ရောင်းသူ မသီတာဝင်းက ဆိုပါတယ်။

လက်ပံပျားကြက်ကြော်ရန်ကုန်ကို ရောက်လာပုံ

လက်ပံပျားရွာမှာပဲ ကြက်ကြော်ကို ဗျက်ထိုးစျေးသည်ဘဝနဲ့ရောင်းချနေတဲ့ မသီတာဝင်းကို ဘုရားဖူး ဧည့်သည်တစ်ယောက်က ရန်ကုန်မှာ လာရောင်းဖို့ အကြံပေးရင် ဧည့်သည်ရဲ့ အကူအညီနဲ့ပဲ ရန်ကုန်မှာလာရောင်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မသီတာဝင်းက မိတ္တီလာဘက်က ဗမာကြက်စစ်စစ်ကို မှာယူပြီး ဆားတစ်မျိုးတည်းထည့်ကာ ရွာကလက်ရာအတိုင်း ကြော်တာဖြစ်ပါတယ်။

အညာမှာသွားစားရသလိုကို ခံစားရစေတဲ့ ရွှေဖူးလက်ပံပျားကြက်ကြော်

ရန်ကုန်မြို့ကားလမ်းမနံဘေးက သစ်ပင်အောက်လေးမှာ ရေနွေးကြမ်း ထမင်းဖြူ မြေပဲဆီဆမ်းလေးနဲ့ လက်ပံပျားကြက်ကြော်စစ်စစ်ကို စားရတဲ့ အရသာကို ရွှေဖူးလက်ပံပျားကြက်ကြော်ဆိုင်လေးမှာ ရရှိနိုင်မှာပါ။ ဆိုင်ကတော့ ဝေဇယန္တာလမ်းမပေါ် ရေကူးမှတ်တိုင်အနီး Gandamar Wholesale အနီးမှာ ရှိပါတယ်။

ဒီဆိုင်မှာ လက်ပံပျားကြက်ကြော်ကို ငရုတ်သီးဆားထောင်း၊ အချဥ်ရည် စပ်စပ်လေး၊ ပန်ထွေဖျော်လေးတွေနဲ့ တွဲဖက်စားသုံးရတာက အညာဒေသကို ရောက်ရှိသွားသလိုတောင် ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် ကြက်ကြော်နဲ့ ထမင်းဆီဆမ်းကို မှာယူသူတိုင်းကို ဘူးသီးကြော်တစ်ပွဲလက်ဆောင်၊ အညာထွက် မြေပဲယို၊နှမ်းယိုတို့ကိုပါ အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံပါသေးတယ်။ 

စျေးနှုန်းက ကြက်ရင်ပုံတစ်ခြမ်း (သို့မဟုတ်) ပေါင်တစ်ခြမ်းကို ၆၀၀၀ ကျပ် ကျသင့်ပြီး အများဆုံး လူ၃ယောက် ဝဝလင်လင်စားနိုင်ပါတယ်။ ဒါ့အပြင် ကြက်အူစုံကြော်နဲ့ အသည်းအမြစ်ကြော်တို့ပါ ရရှိနိုင်ပါတယ်။  

ဒါကြောင့်မို့ အခုကာလမှာ ခရီးသွားစရာမလိုဘဲနဲ့ အညာဒေသအစားအစာ လက်ပံပျားကြက်ကြော်ဆိုင်စစ်စစ်စားချင်တယ်ဆိုရင်တော့ ရွှေဖူးလက်ပံပျားကြက်ကြော်ဆိုင်လေးကို တစ်ခါလောက် မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က