ရန်ကုန်မြို့ရဲ့ လမ်းဆုံမီးပွိုင့်နေရာတွေ၊ ခုံးတံတားအောက်တွေမှာ ဈေးရောင်းနေကြတဲ့ ကလေးငယ်တွေ၊ တောင်းရမ်းစားသောက်နေကြတဲ့ကလေးငယ်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ နွမ်းပါးကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ ရေချမ်းစင်ပါ။ ကျောင်းပြင်ပပညာရေးပုံစံနဲ့ ကလေးငယ်တွေကို စာရေးတတ်၊ဖတ်တတ်သွားအောင် သင်ပေးနေတဲ့ လူငယ်တစ်စုရဲ့ စာသင်ဝိုင်းလေး ဖြစ်ပါတယ်။
ရေချမ်းစင်စာသင်ဝိုင်းလေးရဲ့အစ
လက်ရှိ အကျပ်အတည်းကာလတွေမှာ လမ်းမတွေပေါ်မှာ လေလွင့်ကလေးငယ်တွေ ပိုများလာပြီး မီးပွိုင့်တွေ၊ လမ်းမတွေပေါ်မှာလည်း တောင်းရမ်းနေကြတဲ့ကလေးငယ်တွေ၊ အရွယ်နဲ့မမျှ ဈေးရောင်းနေကြတဲ့ ကလေးငယ်တွေကိုအများစုတွေ့နေကြရပါတယ်။ ဒီလို မြင်ကွင်မျိုးတွေ တွေ့ရဖန် များလာတဲ့အခါ ဒီကလေးတွေရဲ့ အနာဂတ်ကို စိုးရိမ်လာတဲ့အတွက် သူတို့အသုံးဝင်မယ့်အရာလေး လက်ဆောင်ပေးချင်တဲ့ စိတ်နဲ့ ဒီစာသင်ဝိုင်လေးဖြစ်လာတာလို့ ရေချမ်းစင်စာသင်ဝိုင်း တည်ထောက်သူ ကိုဖြိုးကိုကိုမောင် က ဆိုပါတယ်။
“ သူတို့ကို မုန့်ကျွေးမယ်။ အလှူပေးလိုက်ရင် သူတို့အတွက် ခဏတာပဲ အဆင်ပြေသွားမယ်။ နောက်ပိုင်းသူတို့အတွက် ရေရှည်အတွက် ပညာရေးက အရေးကြီးတယ်လေ။ ဒါကြောင့် သူတို့ ရေးတတ်ဖတ်တတ်အောင် အဲဒီအတွက် ဒီပညာလေးတွေ သင်ပေးချင်တယ်ဆိုပြီး စဖြစ်တာပါ။” လို့ ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ်လူငယ်လေးရဲ့ စိတ်ကူး
ရေချမ်းစင်ကို စတင်ခဲ့တဲ့ကိုဖြိုးကိုကိုမောင်က လူငယ်လေးတစ်ဦးအရွယ်သာဖြစ်ပြီး စာသင်ဝိုင်းလေးစတင်ချိန်မှာ သူ့လက်ထဲ ငွေကြေး မရှိခဲ့ပေမယ့် သူ့ရဲ့ ပရဟိတစိတ်ခွန်အားက စာသင်ဝိုင်းလေး ဖြစ်လာအောင် တွန်းပို့ပေးနိုင်ခဲ့ပါတယ်။
“ ပထမဆုံးစခဲ့တဲ့အချိန်မှာ လက်ထဲမှာ ပိုက်ဆံမရှိဘူး။ ကျွန်တာ်က ဂျပန်စာသင်တော့ သင်တန်းဆီကနေ လစာ ပိုက်ဆံကြိုထုတ်ပြီး စားပွဲတစ်လုံးအိမ်က ယူလာတယ်။ စားပွဲတစ်လုံးယူပြီးတော့ အရင်ဆုံးကလေးမိဘတွေနဲ့ အရင်တိုင်ပင်တယ်။ တံတားအောက်တွေသွား လေးယောက်ရှိ ငါးယောက်ရှိရင် ငါးယောက်ပေါ့။ အင်းစိန် ခုံးတံတားအောက်မှာ စပြီးသင်ခဲ့တာပေါ့။” လို့ ကိုဖြိုးကိုကိုမောင်က ဆိုပါတယ်။
ပုံစံအမျိုးမျိုးရှိကြတဲ့ နွမ်းပါးကလေးငယ်တွေရဲ့ မိဘတွေ
စာသင်ဝိုင်လေးစတင်ချိန်မှာ ကိုဖြိုးကိုကိုမောင်အနေနဲ့ ကြုံတွေ့ရတာကတော့ ကလေးမိဘတွေနဲ့ ရင်ဆိုင်ရတဲ့အခက်အခဲတွေပါပဲ။ တစ်ချို့ကလေးမိဘတွေက မိမိကလေးပညာရေးအတွက် လိုလိုလားလားရှိကြပေမယ့်လည်း တစ်ချို့ ကလေးမိဘတွေမှာတော့ ကလေးတွေရဲ့ ပညာရေးအပေါ် လိုလားမှု သိပ်မရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“ တစ်ချို့ကျတော့ စားဝတ်နေရေးအဆင်မပြေလို့သာ လိုက်တောင်းစားနေရတာ ဒီလိုစာသင်ရမယ်ဆိုတော့ ကျွန်တော့်ဆီ ကလေးတွေကို နေ့တိုင်းစာသင်ဖို့ လွှတ်ပေးတယ်။တစ်ချို့ကျတော့ ကလေးတွေကို ခိုင်းစားတဲ့မိဘတွေရှိတယ်။ တစ်ရက်ကို ငါးထောင်ရှာလာ ကျွန်တော်က စာသင်လိုက်တဲ့အခါ သူတို့ ဝင်ငွေအတွက် ထိခိုက်သွားလို့ ဆက်မသင်တာတွေ ရှိခဲ့ပါတယ်။ တစ်ချို့ကလေးတွေဆို ဈေးခြင်းတောင်းလေးတွေ ဆွဲလာပြီး သူတို့မိဘတွေတွေ့သွားတဲ့အခါ စာမသင်တော့ဘူး ပြေးသွားတာတွေလည်းရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဘယ်လိုလုပ်ရလဲဆိုတော့ ကလေးတွေကို စာလည်းသင်ပေး သူတို့ကို ဈေးလည်းရောင်းကူပေးတာမျိုးတွေ လုပ်ပေးတယ်” လို့ ကိုဖြိုးကိုကိုမောင်က ဆိုပါတယ်။
ကလေးတွေကို မတူညီတဲ့သင်ကြားနည်းတွေနဲ့ သင်ပေးနေရ
ရေချမ်းစင်စာသင်ဝိုင်းမှာ လာသင်ကြတဲ့ကလေးငယ်အများစုဟာ အတန်းကျောင်း ပညာလုံးဝမတတ်ခဲ့သူတွေပါဝင်တာကြောင့် အဓိက ကကြီး၊ခခွေး အခြေခံကအစ ရေးတတ် ဖတ်တတ်အောင်သင်ကြားပေးရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့တွေကို အသက်မွေးဝမ်းကြောင်းအခြေပြု တဲ့ကွန်ပျူတာ သင်တန်းတွေလည်း သင်ပေးဖို့ အစီအစဉ်ရှိသလို လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာတွေ၊ ကိုယ်ကျင့်တရားပိုင်းတွေကို ပြောပြသင်ပြပေးဖို့လည်း အစီအစဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ ကလေးက အခုဆို အယောက် ၂၀ ဝန်းကျင် လောက်ရှိတယ်။ ကူညီပေးကြတဲ့ စေတနာ့ ဝန်ထမ်း ဆရာ၊ဆရာမလေးတွေလည်းများလာပြီ။ ကျွန်တော်တို့ စာသင်ဝိုင်းတွေက အင်းစိန် ခုံးတံတားအောက်၊ လှည်းတန်းစံရိပ်ငြိမ် ထဲကဘုန်းကြီးကျောင်းဝင်းထဲနဲ့ လှည်းတန်း ကန်ဘောင်နားက ပန်းခြံတို့မှာ ရှိပါတယ်။ နောက်ပြီးတော့ အခြေခံလူတန်းစားများတဲ့ တညင်းကုန်း သံလမ်းဘေးက ကလေးတွေအတွက်လည်းစာသင်ဝိုင်လေးလုပ်ပြီးသင်ပေးနေပါတယ်။
တစ်နိုင်ငံလုံးမှာ ရေချမ်းစင်တွေရှိစေချင်တယ်
သူအစပြုပေးခဲ့တဲ့ ရေချမ်းစင်ကနေ တစ်နိုင်ငံလုံးက မြို့နယ်တိုင်းမှာ လမ်းဘေး ကလေးငယ်တွေကို စာသင်ပေးနိုင်တဲ့ ရေချမ်းစင်တွေရှိစေချင်တယ်လို့ ကိုဖြိုးကိုကိုမောင်က ဆိုပါတယ်။
ရေချမ်းစင်ဆိုတာ အစပြုပေးလိုက်တာ နောက်ပိုင်း တခြားအိုင်ဒီယာရတဲ့သူတွေလည်း မြို့နယ်တိုင်းမှာ လမ်းဘေးက ကလေးတွေကိုစာသင်ပေးနိုင်ရင် ပိုပြီး အဆင်ပြေတယ်။
“ နောက်ပိုင်းမှာ စာကြည့်တိုက်တွေနဲ့ချိတ်ဆက်ပြီး ရပ်ကွက်ကလေးတွေ စာတတ်မြောက်ဖို့ ဘုန်းကြီးကျောင်း ဆရာလေး ကိုရင်လေးတွေကိုစာသင်ပေးချင်တယ်။ နောက်ပြီးတော့ မြို့နယ်တိုင်းမှာ ဒီလိုရေချမ်းစင် စာသင်ဝိုင်လေးတွေရှိစေချင်ပါတယ်။ အခုကျွန်တော်လည်း ဒီခုံးတံတားအောက်တွေမှာ လိုက်သင်ရတော့ ကလေးတွေရဲ့ လုံခြုံရေးအန္တရာယ်ကို စိုးရိမ်တော့ စိတ်ချရတဲ့နေရာကောင်းကောင်းလေးတစ်ခုတော့ လိုချင်တယ်” လို့ ဆိုလာပါတယ်။
Share