တနင်္သာရီ၊ မြိတ်အထိ သွားစရာမလိုဘဲ ရန်ကုန်မှာ မြိတ်ဒေသထွက် အစားအသောက်စစ်စစ်၊ ပင်လယ်စာ စစ်စစ်တွေ ရရှိနိုင်မယ့် နေရာလေးတစ်ခုကို ဒီကနေ့မှာ လမ်းညွှန်ပေးမှာပါ။ ရန်ကုန်မှာပဲနေရင်း မြိတ်အစားအသောက်စစ်စစ်၊ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်စားချင်တဲ့သူတွေအတွက်တော့ လင်းသင့် မြိတ်ကတ်ကြေးကိုက်နှင့်ပင်လယ်စာ အစုံစားသောက်ဆိုင်လေးက အထူးသင့်လျော်မှာဖြစ်ပါတယ်။
ဒေသထွက်ကုန်တွေနဲ့ စားပွဲတွေ ပြင်ပေးမယ်
လင်းသင့် စားသောက်ဆိုင်မှာ အဓိက ရနိုင်တာက မြိတ် ရဲ့ အဓိက အစားအစာဖြစ်တဲ့ ကတ်ကြေးကိုက်၊ ပင်လယ်စာအစုံကို အကင်နဲ့ အထောင်းမျိုးစုံနဲ့ မြိတ်လက်ရာ မုန့်အချို မျိုးစုံ ဖြစ်ပါတယ်။ မြိတ်အစားအစာစစ်စစ်လို့ ပြောနိုင်တာကတော့ ကတ်ကြေးကိုက်မှာသုံးတဲ့ မုန့်ဖတ်၊ ပအုံးရည်က အစ မြိတ်က မှာယူသလို ပင်လယ်စာ ရေထွက်ကုန်ဖြစ်တဲ့ ပြည်ကြီးငါး၊ ပုဇွန်၊ ကင်းမွန်တို့ကိုလည်း မြိတ်မြို့က တိုက်ရိုက်မှာယူတာဖြစ်ပါတယ်။
“မြိတ်ဘက်က ပြည်ကြီးငါးတွေက လတ်လတ်ဆတ်ဆတ်ရှိတော့ ဆားတွေ ဘာတွေ မပါဘူး။ ကင်လိုက်တာနဲ့ အရသာ သိပ်ထည့်ဖို့ မလိုဘူး။ သူ့ပင်ကိုယ် အချိုဓာတ်လေးနဲ့ မြိတ်အချဥ်လေးနဲ့ တို့စားတာက လူတိုင်းကြိုက်တဲ့ အစားအစာဖြစ်ပါတယ်။ ရန်ကုန်က ဈေးထဲမှာ ရောင်းတဲ့ ကင်းမွန်တွေ၊ ပြည်ကြီးငါးတွေဆို ဆားပါတဲ့ဟာမျိုး ဖြစ်မှာစိုးလို့ အဓိကက မြိတ်ကနေပဲ ပစ္စည်းအကုန်လုံးကို ယူပြီးရောင်းတာပါ။” လို့ ဆိုင်ရှင် မမြတ်မြတ်အိက ဆိုပါတယ်။
ဆိုင်မှာ နာမည်ကြီးတဲ့ အစားအသောက်တွေ
ဒီဆိုင်မှာ နာမည်ကြီးပြီး အမှာများတဲ့အစားအသောက်တွေက မြိတ်ကတ်ကြေးကိုက်၊ ပြည်ကြီးငါးကောက်ညှင်းသွပ် တို့ ဖြစ်ပြီး မုန့်အချိုတွေဖြစ်တဲ့ သာခွေယိုင်၊ ဒူးရင်းသီး ကောက်ညှင်းအုန်းနို့တို့က စားဖူးတဲ့သူတိုင်းကြိုက်နှစ်သက်ကြပါတယ်။
“ မြိတ်ကတ်ကြေးကိုက်ဆိုလည်း ကြော်တဲ့ အစ်မက မြိတ်မှာလည်း ကတ်ကြေးကိုက် ရောင်းတာဆိုတော့ ကြော်တဲ့သက်တမ်းက ၂၅ နှစ်လောက် ရှိပြီ။ ကတ်ကြေးကိုက်ကို စားတဲ့သူတိုင်း မြိတ်အရသာ စစ်စစ် ရတယ်လို့ ပြောကြတယ်။
ပြည်ကြီးငါးကောက်ညှင်းသွပ်ဆို ကောက်ညှင်းပြန်ပေါင်းလေးလုပ်ပြီးတော့ ပြည်ကြီးငါးထဲကို ကောက်ညှင်းလေး သွပ်ပြီး ကင်လိုက်ရင် အိအိထွေးထွေးလေးနဲ့ စားလို့ကောင်းပါတယ်။ အဲဒီမီနူးက ဒီဆိုင်မှာ လူကြိုက်များကြပါတယ်။ ဒီက လူတွေက ကင်းမွန်အစာသွပ်လို့ ခေါ်ပြီး စမ်းစားကြည့်တဲ့အခါမှာ တော်တော်များများကြိုက်ကြပါတယ်။ တစ်ခုလောက် စမ်းစားတယ်။ ဒါလေးက စားကောင်းတယ်ဆိုပြီး တော့ ထပ်မှာကြပါတယ်။ အဓိကက အချဥ်လေးနဲ့ တွဲဖက်စားသုံးတာက လူတိုင်းကို အကြိုက်တွေ့စေတာပါ။ ဂုံးဆိုလဲ ကြိုက်ကြတယ်။ ညီမတို့က ဂုံးထဲမှာ ဘာအရသာမှ မထည့်ဘူး။ သူ့ပင်ကိုယ်အ ရသာကိုပဲ ကင်ပြီးတော့ အချဥ်လေးနဲ့ တွဲဖက်စားသုံးစေတာပါ။ “ လို့ ဆိုင်ရှင် မမြတ်မြတ်အိက ပြောပါတယ်။
မြိတ် ရဲ့ နာမည်ကြီးမုန့်အချိုတွေ
မြိတ်အစားအသောက်တွေမှာ ကတ်ကြေးကိုက်ကိုလည်း လူကြိုက်များတဲ့ အပြင် မုန့်အချိုတွေကိုလည်းစားဖူးတဲ့သူတိုင်း ကြိုက်ကြပါတယ်။ မြိတ်က မုန့်အချိုတွေက အုန်းနို့ကို အခြေခံပြီး လုပ်ထားတဲ့အပြင် ကောက်ညှင်းနဲ့ အုန်းနို့နဲ့ တွဲဖက်စား ရတဲ့ မုန့်အချိုတွေက စား ရတာ မအီဘဲနဲ့ အ ရသာ ဆိမ့်ဆိမ့်လေးနဲ စားလို့ကောင်းပါတယ်။ ဒီဆိုင်မှာ ရနိုင်တဲ့ မုန့်အချိုတွေကတော့ သာခွေယိုင်၊အာပုံ၊ ဒူးရင်းအုန်းနို့ တို့ဖြစ်ပြီးတစ်ခါစားဖူးတိုင်း ထပ်ပြီးမှာကြတယ်လို့ ပြောပါတယ်။
မြိတ်က မုန့်အချိုတွေ ဘယ်လိုလုပ်သလဲ။
“ဒူးရင်းသီးကောက်ညှင်းအုန်းနို့ ကို ဘယ်လိုလုပ်တာလဲဆိုတော့ အုန်းနို့နဲ့ ဒူးရင်းသီး ထည့်ကြိုပြီးတော့ ကောက်ညှင်းလေးကို မာမာလေး ဖြစ်အောင် လုပ်ပြီး အုန်းနို့လေးနဲ့ ပြန်နယ်လိုက်တယ်။ နယ်ပြီးသွားတော့မှ ဒူး ရင်းသီးနဲ့ အုန်းနို့နဲ့ ကြိုထားတာကိုမှ ကောက်ညှင်းလေးထည့်ပြီး စားကြတာပေါ့။ အဲဒါလေးလည်း ဆိုင်မှာ တောင်တော် ရောင်းရပြီး လူကြိုက်လည်းများတယ်။ ညီမတို့က ဆိုင်ဖွင့်တာလည်း သိပ်မကြာသေးတော့ အွန်လိုင်းပေါ်မှာတင်ရောင်းတော့လေ ရန်ကုန်မှာ ရောက်နေတဲ့ မြိတ်သူ မြိတ်သားတွေလည်း မှာစားကြတယ်။ တစ်ချို့ကျတော့လည်း မြိတ်ကို ရောက်ဖူးပြီး စားဖူးတဲ့သူတွေကျတော့ ဒီအရသာကို ကြိုက်ကြပြီးတော့ မှာစားကြတယ်။ ဒူးရင်းသီးကိုလည်း မြိတ်ဘက်က တိုက် ရိုက်မှာတော့ နယ်က အမှာ ရတဲ့ နေ့မှ လုပ်ပေးတာပါ။ လို့ ဆိုပါတယ်။
“ တစ်ခြားမုန့်အချိုတွေဖြစ်တဲ့ မြိတ် အခေါ် သာခွေယိုင်ပေါ့နော်။ ရန်ကုန်က လူတွေကတော့ ကောက်ညှင်းနဲ့ အုန်းနို့လို့ပဲ ခေါ်တာပေါ့။ ကောက်ညှင်းမဲမဲလေးကို ဓနိကနေ ထွက်တဲ့ ပျားပေါ့။ လွယ်လွယ်ပြောရရင် ပျားရည်နဲ့ ကောက်ညှင်းကို ကြို ရတာပေါ့။ အုန်းနို့ကိုတော့ မကြိုထားဘဲ အုန်းနို့ အစိမ်းကိုမှ ဆားလေးနည်းနည်းထည့်ပြီးတော့ ပျားနဲ့ကြိုထားတဲ့ ကောက်ညှင်းကို အုန်းနို့လေးဆမ်းပြီး စား ရတာပေါ့။ အဲဒါလည်း ကြိုက်ကြတယ်။”
“ နောက်တစ်ခုက အာပုံပေါ့နော်။ မုန့်အချိုထဲမှာဆို အာပုံက လူကြိုက်များတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ မြိတ်မုန့်အချိုတွေအကုန်လုံးက အုန်းနို့ကို အခြေခံပြီး ပြုလုပ်ထားတာပါ။ မုန့်လုံးရေပေါ်ဆိုလည်း ရန်ကုန်နဲ့ မတူတာက အုန်းသီးဖတ်ကို ပျားရည်နဲ့ ကျိုတယ်။ စေးစေးလေးဖြစ်လာပြီဆို မုန့်လုံးရေပေါ် မုန့်နှစ်တုံးထဲကို အဲဒါလေးထည့်တယ်။ အဲဒါကို ရေနွေးနဲ့ ပြုတ်လိုက်တယ်။ ပြီးတဲ့အခါ အုန်းနို့ရေနဲ့ ပြန်ကျိုတယ်။ အဲဒါလေးလည်းစားလို့ကောင်းတယ်။ “ လို့ ဆိုင်ရှင်လည်းဖြစ် ကိုယ်တိုင်လည်း မုန့်အချို ပြုလုပ်သူ မမြတ်မြိတ်အိက ရှင်းပြပါတယ်။
လက်ရာကောင်းတာကြောင့် ရက်ပိုင်းအတွင်း နာမည်ရလာ
ဆိုင် ရှင်ဖြစ်တဲ့ မမြတ်မြတ်အိတို့ မိသားစုက မြိတ်ဒေသခံတွေလည်းဖြစ် အစားအသောက် ချက်ပြုတ်တာ ကျွမ်းကျင်ပိုင်နိုင်သူတွေလည်းဖြစ်တဲ့အတွက် ရန်ကုန်မှာ မြိတ်အစားအစာတွေ တစ်နေ ရာတည်း ရနိုင်တဲ့ ဆိုင်လေးဖွင့်ဖို့စိတ်ကူး ရာကနေ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ။
“ ဆိုင်ကို ၄ လပိုင်း ၁၁ ရက်နေ့လောက်မှာ စဖွင့်ခဲ့တာပါ။ ဆိုင်သစ်ဆိုတော့ ရောင်း ရပါ့မလားဆိုပြီး စိတ်ပူခဲ့တယ်။တစ်လနီးပါးအတွင်းမှာ ဆိုင်က ရောင်းအားက မှန်းထားတာထက် အဆင်ပြေတယ်။ စားပြီးသွားတဲ့သူတွေက လည်း ကြိုက်ကြတယ်။ ကတ်ကြေးကိုက် ကောင်းကောင်းလေး ဘယ်မှာ ရလဲလို့ မေး ရင် လင်းသင့်ဆိုင်လေး ရှိတယ်ဆိုပြီးတော့ ရီဗျုးပေးကြတော့ အားလည်းရှိပါတယ်။ ကတ်ကြေးကိုက်ဆိုင် တစ်နေ့ကို အချိန် နှစ်ဆယ်လောက် ရောင်းရတယ်။ “ လို့ ဆိုပါတယ်။
ဈေးနှုန်းနဲ့ ဆိုင်တည်နေရာ
ဈေးနှုန်းတွေကတော့ အကင်တစ်ခုကို တစ်ထောင်ကျပ်၊ ပြည်ကြီးငါးအစာသွပ်ဆိုလည်း တစ်ထောင်ကျပ်၊ ပုဇွန်ကင်ဆိုလည်း ဆိုဒ်ကြီးတစ်ထောင်၊ ဆိုဒ်သေး ကို သုံးကင် နှစ်ထောင်ကျပ်နဲ့ ရောင်းချပါတယ်။ မြိတ်ကတ်ကြေးကိုက် တစ်ပွဲကို ကြက်၊ဝက်၊ ပင်လယ်စာနဲ့ ရနိုင်ပြီး တစ်ပွဲကို ၃၀၀၀၊ ၃၅၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ အထောင်းဆိုလည်း မားမားထောင်း၊ ပင်လယ်စာထောင်း၊ သင်္ဘောသီးထောင်း စတဲ့ အထောင်မျိုးစုံ တို့ ရနိုင်ပြီး ကင်းမွန်သုပ်၊ ရေဘဝဲသုပ် တို့လည်း ရနိုင်ပါတယ်။ တစ်ပွဲကို အနည်းဆုံး ၁၅၀၀ ကနေ အများဆုံး ၃၀၀၀၊ ၅၀၀၀ အထိ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၈ နာ ရီမှ ည ၁၀ နာ ရီထိ ဖြစ်ပြီး ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့် မီးပွိုင့်ထိပ်ပါ။ ဆိုင်ဖုန်းနံပါတ် - ၀၉၇၇၇၆၀၉၁၀၉ ကို ဆက်သွယ်မှာယူနိုင်သလို Foodpanda ကတဆင့်လည်း အော်ဒါမှာယူနိုင်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မှာ ရောက်နေတဲ့ မြိတ်သူမြိတ်သားတွေအပြင် မြိတ်အစားအစာတွေကို လွမ်းနေတဲ့သူတွေအတွက် လင်းသင့်ဆိုင်လေးက အလွမ်းပြေစေမှာဖြစ်လို့ လက်တို့လိုက်ပါတယ်နော်။