သျှင်ပါကူဆေးရုံအနီးက ဆိုင်လေးဖြစ်ပါတယ်။

ဗဟန်းမြို့နယ်၊ ဗညားဒလလမ်းပေါ် သျှင်ပါကူဆေးရုံအနီးက ကာစင်ဘိုင် ကြက်သားသုပ်နဲ့ ပန်းသေးခေါက်ဆွဲကြော်ဆိုင်လေးက အရသာကောင်းလို့ စားဖူးတဲ့သူတိုင်း ကြိုက်နှစ်သက်လို့ အမြဲလာစားဖြစ်ကြတဲ့ ဆိုင်လေးဖြစ်ပါတယ်။



ကာစင်ဘိုင်ကြက်သားသုပ်ဆိုင်လေး အစပြုရာ

လွန်ခဲ့တဲ့ ၁၂ နှစ်ဝန်းကျင်က လမ်းဘေးပလက်ဖောင်းပေါ်မှာ လှည်းလေးသေးသေးလေးနဲ့ စရောင်းဖြစ်ခဲ့တာလို့ ကာစင်ဘိုင် ကြက်သားသုပ်ဆိုင်ရှင်ဦးလေးကြီးက ဆိုပါတယ်။ ငယ်စဉ်ဘဝက အဘိုး၊အဘွားတွေရဲ့ ကြက်သားသုပ်ဆိုင်တွေမှာ ပညာသင်ရင်း အလုပ်လုပ်ဖြစ်ခဲ့ရာကနေ ကိုယ်ပိုင်ဆိုင်လေးစဖွင့်ဖို့ ဖြစ်လာခဲ့တာပါ။

“ငယ်ငယ်တုန်းက ၁၈ လမ်း၊ လဟာပြင်ဈေး၊ တရုတ်တန်းဘက်တို့က ဆိုင်တွေမှာ အလုပ်လုပ်ရင်း ဒီပညာကို သင်ခဲ့တာပါ။ အဲဒီကနေပြီးတော့မှ လွန်ခဲ့တဲ့ (၁၂) နှစ်လောက်မှာ ကိုယ်ပိုင်လုပ်မယ်ဆိုပြီးစခဲ့တာပါ။ အဲဒီတုန်းကတော့ ပလာတာ၊ ကြက်သားသုပ်၊ ဆိတ်ကီးမားတို့ စရောင်းခဲ့တာပါ။ နောက်တော့ ပန်းသေးခေါက်ဆွဲကြော်ပါ ထပ်တင်လိုက်တော့ စားသုံးသူတွေက တော်တော်အားပေးကြတယ် ” လို့ ဆိုင်ရှင်ဦးလေးကြီးက ဆိုပါတယ်။

လမ်းဘေးပလက်ဖောင်းကနေ ဆိုင်ခန်းလေးနဲ့ ဖြစ်လာ

သျှင်ပါကူဆေးရုံအနီးက ပလက်ဖောင်းပေါ်မှာ လှည်းလေးနဲ့ စရောင်းရာကနေ စားသုံးသူတွေ လည်း တစ်ဖြည်းဖြည်းများပြားလာတာကြောင့် ဆိုင်ခန်းလေးနဲ့ဖွင့်နိုင်ဖို့ အတွက် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွန်တော် လှည်းနဲ့ ရောင်းတဲ့ နေရာက ဒီမြေညီထပ်အခန်းက အရင်က စတိုင်းဆိုင်ဖွင့်ထားတယ်။ နောက်တော့ သိပ်မကိုက်လို့ ပိတ်လိုက်ရတယ်။ အဲဒါနဲ့ အခန်းပိုင်ရှင်က ကျွန်တော့်ကိုဌားမယ်ဆိုပြီး ကျွန်တော်ကလည်း လိုင်စင်လုပ်လိုက်တယ်။ အဲဒီလိုနဲ့ ဆိုင်ခန်းလေးနဲ့ဖြစ်လာတာပေါ့။ ဆိုင်ခန်းနဲ့ ဖြစ်လာတာကတော့ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ (၄) နှစ်လောက်က ပေါ့” လို့ ဆိုင်ရှင် ဦးလေးကြီးက ဆိုပါတယ်။

ဒီဆိုင်လေးမှာ လူကြိုက်များတဲ့အစားအစာတွေနဲ့ ဈေးနှုန်းတွေ

ကြက်သားသုပ်ပြုလုပ်တဲ့အခါမှာ အဓိက ကောင်းဖို့လိုတာက ဟင်းရည်ဖြစ်ပြီး ဟင်းရည် မကျဲမပြစ်လေးနဲ့ အစပ်အဟပ်တည့်တာကြောင့် ကြက်သားဖတ်နဲ့ တွဲစားတဲ့အခါ လိုက်ဖက်မှု ရှိပါတယ်။ ဒါ့အပြင် ပန်းသေးခေါက်ဆွဲကြော်ကလည်း အီနေတာမျိုးမဟုတ်ဘဲ ကြက်သားရည်ရွှဲရွှဲလေးနဲ့ စားရတာက အရသာရှိတာကြောင့် ဒီဆိုင်မှာ အမှာများတဲ့ အစားအစာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကာစင်ဘိုင် ဒန်ပေါက်ကလည်းလူကြိုက်များတာကြောင့် အရင်ကဆို တနေ့ကိုပွဲ (၆၀) ကျော်လောက်ကုန်တယ်လို့ သိရပါတယ်။ အခုကတော့ ခေတ်ကာလကြောင့် တစ်နေ့ကိုပွဲ (၃၀) ခန့်ပဲ ရောင်းရတယ်လို့ ဆိုပါတယ်။ ကြက်သားသုပ်ကတော့ ကြက်အကောင်ရေ တစ်နေ့ကို (၁၀) ကောင်နှုန်းကနေ အကောင် (၂၀) နှုန်းထိ ကုန်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စမူဆာသုပ်၊ ဆိတ်ကီးမား၊ ကြက်ကီးမား၊ ဆိတ်ကဘားဘ်၊ ကြက်ကဘားဘ် တို့ လည်းရောင်းရပါတယ်။ ဈေးနှုန်းတွေကတော့ ကြက်သားသုပ်တစ်ပွဲကို ၂၅၀၀ ကနေ ဆိတ်ကဘားဘ်ပွဲကြီးတစ်ပွဲကို အများဆုံး (၁၂,၀၀၀) ကျပ်ထိကျသင့်ပါတယ်။ ဒန်ပေါက်က တစ်ပွဲကို (၃,၅၀၀)၊ ၊ ခေါက်ဆွဲကြော်၊ထမင်းကြော်ကတော့ တစ်ပွဲကို (၃,၀၀၀) ၊ စမူဆာသုပ်က တစ်ပွဲကို (၁,၅၀၀) ကျပ်ဖြစ်ပါတယ်။

ကာစင်ဘိုင် ကြက်သားသုပ်ဆိုင်လေး လူကြိုက်များတဲ့ လျှို့ဝှက်ချက်

အစားအသောက်တွေကို ချက်ပြုတ်တဲ့အခါအချိုးအစားတွေကို မခိုမကပ်ဘဲနဲ့ ထည့်တာကလည်း အရသာကောင်းနေရခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုလို့ ဆိုရမှာပါ။ အချိုမှုန့်လည်း မသုံးဘူးသလို စားသုံးသူတွေကို ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ဝန်ဆောင်မှုကို ပေးထားတယ်လို့ဆိုပါတယ်။

“ စဖွင့်တည်းကနေ အခုချိန်ထိ အားပေးတဲ့သူတွေရှိနေတုန်းပဲ။ မြို့နယ်စုံကနေ လာစားကြတယ်။အဝေးကနေ ကားနဲ့လာစားတဲ့သူတွေလည်းရှိတယ်။ ဆေးရုံနဲ့လည်းနီးတော့ ဆေးရုံကိုလာရင်း လာစားကြတာတွေလည်းရှိတယ်။ ကျွန်တော်တို့က (၂,၀၀၀) ဖိုးဆို (၂,၀၀၀) နဲ့တန်အောင် ပိုပေးလိုက်တာပဲ။ ဆိုင်လေးကလည်း လမ်းဘေးမှာဖွင့်ထားတယ်ဆိုပေမယ့်လည်း သန့်ရှင်းမှုကို ဦးစားပေးပါတယ်” လို့ ဆိုပါတယ်။

ကြက်သားသုပ်၊ပန်းသေးခေါက်ဆွဲ စားချင်သူတွေအတွက် လမ်းညွှန်

ဒီဆိုင်လေးကတော့ ဗဟန်းမြို့နယ်၊ ဗညားဒလလမ်းပေါ်၊ အမှတ် ၇၅ စီ၊ ဗိုလ်ချို (၂) ရပ်ကွက်၊ သျှင်ပါကူဆေးရုံအနီးမှာဖြစ်ပြီး မနက် (၉) နာရီကနေ ည (၁၀) နာရီခွဲအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားတာပါ။ ဖုန်းဆက်မှာယူလိုသူတွေအတွက် ဖုန်းနံပါတ် ၇၉၈၄၁၉၃၃၈၊ ၀၉၇၉၁၄၉၁၉၁၃ တို့ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က