ရန်ကုန်မြို့ကို ရောက်ရင် ဘယ်ကိုသွားလည်ရမလဲလို့ စဉ်းစားနေပြီလား

သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နေတဲ့ ရန်ကုန်မြို့ထဲက နာမည်ကြီးနေရာတချို့ဖြစ်တဲ့ ရွှေတိဂုံဘုရား၊ တိုင်းရင်းသားကျေးရွာ၊ တိရစ္ဆာန်ဥယျာဉ်၊ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးနဲ့ လှော်ကားဥယျာဉ်တွေက မိသားစုလိုက်ရော၊ သူငယ်ချင်းတွေနဲ့ပါ လည်ဖို့ အသင့်တော်ဆုံးပါပဲ



ရွှေတိဂုံဘုရား

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတိဂုံဘုရားဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာအကောင်းဆုံး ဗုဒ္ဓဘာသာဘုရားဖြစ်ပါတယ်။ ရွှေချထားတဲ့ စေတီတော်ကြီးရဲ့ သပ္ပာယ်ကြည်ညိုစရာကောင်းမှုက မနက်ခင်းနဲ့ ညနေခင်းမှာ ဖူးမြော်တိုင်း ရှုမဝဖြစ်စေပါတယ်။ ဘုရားပတ်လမ်းမှာ လမ်းလျှောက်ရင်း ငြိမ်းချမ်းမှုကို ခံစားနိုင်သလို ရင်ပြင်တော်မှာလည်း ပုတီးစိပ်ရင်း၊ တရားထိုင်ရင်းနဲ့ ဝတ်ပြုပူဇော်နိုင်ပါတယ်။ 

တိုင်းရင်းသားကျေးရွာ

မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေကို တစ်နေရာတည်းမှာ လေ့လာနိုင်တဲ့နေရာဖြစ်ပါတယ်။ တိုင်းရင်းသားကျေးရွာတစ်ခုချင်းစီကို လည်ပတ်နိုင်ပြီး ရိုးရာအကတွေကို လေ့လာကြည့်ရှုနိုင်သလို တိုင်းရင်းသားအစားအစာတွေကိုလည်း စားသုံးနိုင်ပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

မိသားစုနဲ့အတူ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အာရှနဲ့ အာဖရိကမျိုးနွယ်ဝင် တိရစ္ဆာန်မျိုးစုံကို ကြည့်ရှုနိုင်ပြီး ကိုယ်တိုင်အစာကျွေးနိုင်လို့ ကလေးငယ်တွေ အကြိုက်တွေ့တဲ့နေရာဖြစ်စေမှာပါ။ မတူညီတဲ့ တိရစ္ဆာန် မျိုးစိတ်ပေါင်းစုံကို လေ့လာနိုင်လို့ ဆယ်ကျော်သက်လူငယ်တွေလည်း လာလည်ကြပါတယ်။

မဟာဗန္ဓုလပန်းခြံ

ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ အပန်းဖြေစရာနေရာတစ်ခုကတော့ မဟာဗန္ဓုလပန်းခြံ ဖြစ်ပါတယ်။ 

နေ့လယ်နဲ့ ညနေခင်းမှာ အေးအေးဆေးဆေး လမ်းလျှောက်ဖို့ သင့်တော်သလို မနက်စောစော လေ့ကျင့်ခန်းလုပ်ဖို့လည်း သင့်တော်ပါတယ်။ မြို့လည်ခေါင်တည့်တည့်မှာ တည်ရှိပြီး ဘေးပတ်လည်ကမှာလည်း ဘာသာကြီး ၄မျိုးဖြစ်တဲ့ ဆူးလေဘုရား၊ ဧမာနွေလဘုရားကျောင်း၊ ဗလီနဲ့ ဂျူးဘုရားကျောင်းတွေရဲ့ ထုံးတမ်းစဉ်လာတွေကို အနီးလေးလျှောက်သွားပြီး လေ့လာနိုင်ပါတယ်။

ကန်တော်ကြီး 

ရန်ကုန်မြို့ရဲ့ အကြီးဆုံးရေကန်ကြီးဖြစ်ပြီး တိတ်ဆိတ်၊ အေးချမ်းမှုနဲ့အတူ သဘာဝအလှတရားတွေကို ခံစားနိုင်တဲ့နေရာဖြစ်ပါတယ်။ ကန်တော်ကြီးအတွင်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူ၊ အပြေးလေ့ကျင့်သူနဲ့ ညနေခင်းလမ်းလျှောက်သူတွေ ရှိနေပြီး မိသားစုလိုက်ပျော်ပွဲစားထွက်ဖို့လည်း အဆင်ပြေပါတယ်။ ပိတ်ရက်ဆိုရင် အပန်းဖြေသူတွေနဲ့ စည်ကားနေတဲ့ ကန်တော်ကြီးထဲမှာ တစ်ခါလောက် လည်ကြည့်ရအောင်ပါ။

လှော်ကားဥယျာဉ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ လှော်ကားဥယျာဉ်ကတော့ ဝင်ကြေးနဲ့ လည်ပတ်နိုင်တဲ့ နေရာဖြစ်ပြီး မိသားစုနဲ့အတူ အပန်းဖြေဖို့ အရွေးများတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းကနေ နေ့တွင်းချင်းလည်ပတ်နိုင်ပြီး သဘာဝနဲ့ သစ်တောသစ်ပင် ချစ်ခင်သူတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နေရာတခုဖြစ်ရုံတင်မကဘဲ အမျိုးသားအမွေအနှစ်တခုလည်းဖြစ်ပါတယ်။ လှော်ကားဥယျာဉ်မှာ ဘေးမဲ့လွှတ်ထားတဲ့ တိရိစ္ဆာန်လေးတွေကို အနီးကပ်မြင်တွေ့ရမှာဖြစ်ပြီး ရွှေသမင်၊ ဆတ်၊ နွားနောက်၊ မျောက်၊ တောဝက်၊ ဒရယ်နဲ့ ငှက်မျိုးစုံကို သဘာဝအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဆာဖာရီဥယျာဉ်ထဲမှာလည်း အနားယူအပန်းဖြေနိုင်တဲ့ အပန်းဖြေစခန်း(၄)ခု ရှိပြီး သီးသန့်အပန်းဖြေအနားယူလိုသူတွေအတွက် သီးသန့်နားနေဆောင်များကိုလည်း ဖွင့်လှစ်ထားပြီး ဆင်စီးခြင်း၊ တောတွင်းလမ်းလျှောက်ခြင်း၊ ဥယျာဉ်အတွင်းရှိ ကန်သာယာမှာ စက်လှေစီးခြင်း၊ အပျော်တမ်းငှက်ကြည့်ခြင်း စတဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။


ဒီနေရာတွေကတော့ ရန်ကုန်မြို့တွင်းမှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာတွေဖြစ်ပြီး မိသားစုလိုက်လည်ပတ်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။ 

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က