ဒဂုံအေး မေ့မရထမင်းပေါင်းကလည်း ရန်ကုန်မြို့ရဲ့ နာမည်ကြီး ထမင်းပေါင်းဆိုင်တွေဖြစ်တဲ့ ကျော်ကြီးထမင်းပေါင်း၊ မောင်ငွေထမင်းပေါင်းဆိုင်တို့နဲ့ ခေတ်အပြိုင်ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်ဝန်းကျင်လောက်က ရန်ကုန်မြို့မှာ အစောဆုံးဖွင့်လှစ်ခဲ့တဲ့ ထမင်းပေါင်းဆိုင်တွေ ထဲမှာ ဒဂုံအေးမေ့မရထမင်းပေါင်းလည်း အပါအဝင်ဖြစ်ပါတယ်။
ဗဟိုလေဟာပြင်ဈေးက အစပြုခဲ့တဲ့ ဒဂုံအေးမေ့မရထမင်းပေါင်း
ဒီဆိုင်လေးကိုတော့ ၁၉၇၈ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဘိုး၊ အဖေတွေလက်ထက်ကတည်းက ဗဟိုလေဟာပြင်ဈေးမှာ စတင်ခဲ့တာပါလို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မခင်က ပြောပါတယ်။
“ ထမင်းပေါင်းကို အဓိကထားရောင်းတယ်။ အဘိုးတို့၊ အဖေတို့ ခေတ်တုန်းကဆိုရင် ဗဟိုလေဟာပြင်ဈေးထဲမှာ ထမင်းပေါင်းဆိုင်တွေ အများကြီး ၊ ဟိုဘက် ဒီဘက် အပြိုင်ရောင်းကြတာ အမှတ်တရပေါ့နော်။ အဲဒီနောက် မင်္ဂလာဈေးမှာလည်း ရောင်းတယ်။ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာလည်း ဖွင့်သေးတယ်။ အဲ့မှာက (၁၈) နှစ် (၂၀) နှစ်လောက်ကြာသွားတယ်။ အခုတော့ ၃၉ လမ်း အောက်ဘလောက်ကို ပြောင်းခဲ့တာ ၃ နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ” လို့ဆိုပါတယ်။
တစ်ပွဲ ၂ ကျပ်ခွဲက စခဲ့တဲ့ ထမင်းပေါင်းဆိုင်လေး
ဆိုင်လေးစဖွင့်ကာစ လွန်ခဲ့တဲ့ (၄၂) နှစ်ဝန်းကျင်က ထမင်းပေါင်းတစ်ပွဲကို ၂ ကျပ်ခွဲနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ပွဲကို ၈၀၀ ကျပ်၊ ၁၂၀၀ ကျပ်နဲ့ အခုတော့ ကုန်ဈေးနှုန်းတွေအရ ဆိုင်စား ၂၅၀၀ ကျပ်၊ ပါဆယ် ၃၀၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။
“အခုလက်ရှိ ဈေးကတော့ ထမင်းပေါင်းတစ်ပွဲကို ၂၅၀၀ ကနေ ကျန်တဲ့ အသားကင် ၊ အခေါက်ကင်၊ ထမင်းကြော်၊ ကြာဇံကြော် အဲဒါတွေလည်းရတယ်။ ဒီမှာဆို နောက်ထပ်တိုးထားတဲ့ ဝက်အူပိတ်ကြော်ပေါ့နော်။ အဲဒါလေးကလည်း တော်တော်အားပေးကြတယ်။ စောစောလာမှ စားရတာပေါ့နော်။ နောက်ကျရင်ကုန်သွားတတ်လို့” လို့ ဆိုပါတယ်။
၄၂ နှစ်တိုင်တိုင် လက်ရာမပြောင်းလဲတဲ့ထမင်းပေါင်း
ဒဂုံအေးမေ့မရထမင်းပေါင်းရယ်လို့ အခုချိန်ထိတိုင်အောင် လူကြိုက်များနေတဲ့လျို့ဝှက်ချက်ကတော့ ၄၂ နှစ်တိုင်တိုင် လက်ရာမပြောင်းလဲတာကြောင့်ပါ။ ထမင်းပေါင်းမှာပါဝင်တဲ့ အရသာအချိုးအစားကို ဆိုင်စဖွင့်ကတည်းက လက်ရာအတိုင်းဖြစ်အောင် ထိန်းသိမ်းထားတာကလည်း ဒီဆိုင်ရဲ့ အားသားချက်တစ်ခုပါ။
“ လက်ရာကို အဖေက အဓိကလုပ်တယ်။ အချိုးအစားသူပဲ စပ်တာပေါ့။ အခုတော့ အစ်ကိုက ဆက်လုပ်တာပေါ့။ ထမင်းပေါင်းမှာပါတဲ့ အချိုးအစား၊ အသီးအရွက်တွေက အရင် ဗဟိုလေဟာပြင်ဈေးထဲမှာ ရောင်းတဲ့အတိုင်းပဲလို့ လာစားတဲ့သူတိုင်းက ပြောင်းကြတယ်။” လို့ ဆိုပါတယ်။
မိသားစုအမွေအနှစ်အဖြစ် ထိန်းသိမ်းမယ့်ဆိုင်လေး
ဒီဆိုင်လေးကို အဘိုးလက်ထက်၊ အဖေလက်ထက်ကနေ အခုတော့ သားနဲ့သမီးက မိသားစုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းယူဦးမယ်လို့ဆိုပါတယ်။ အဘိုး၊အဖေလက်ထက်မှာ နာမည်တစ်ခုရလာအောင်ကြိုးစားခဲ့တာကြောင့် ဒီနာမည်လေးကို ဆက်လက်ထိန်းသိမ်းသွားကြဦးမှာပါ။
“ အရင်ကတော့ ထမင်းပေါင်း ပေါ့နော်။ အခုတော့ တရုတ်စာ အစုံရတယ်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကုန်းဘောင်ကြီးကြော်၊ အခေါက်ကင်၊ အသားကင်၊ ဝက်အူပိတ်ကြော်၊ အမှာအများဆုံး ဝက်အစုံထမင်းပေါင်းနဲ့ အူပိတ်ကြော်ပေါ့နော်။ တော်တော်လေးစားကြတယ်။ လေဟာပြင်ဈေးက မေ့မရထမင်းပေါင်းလို့ ပြောရင် အဲဒီခေတ်ကာလက လူကြီးတွေက အကုန်သိကြတော့ ညီမတို့က ဒီနာမည်လေးကို ဆက်ထိန်းသွားမယ်” လို့ ဆိုင်ကိုဦးစီးနေသူ မခင်က ဆိုပါတယ်။
ဒဂုံအေးမေ့မရထမင်းပေါင်း စားချင်သူတွေအတွက်
ဆိုင်လိပ်စာကတော့ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း ၊ မဟာဗန္ဒုလလမ်းနဲ့ ကုန်သည်လမ်းထောင့် မှာဖြစ်ပြီး မနက် (၉) နာရီလောက်ကနေ ညနေ (၅) နာရီလောက်ထိ ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့်မို့ ထမင်းပေါင်းအရသာမြည်းစမ်းချင်သူတွေအနေနဲ့ မြို့ထဲဘက်ရောက်တဲ့အခါ တစ်ခါလောက်တော့ လာရောက်စားကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။