ရန်ကုန်နဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ မောင်မောင်လွင်ဟာ တောင်ပံတိုက်စစ်၊ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မောင်မောင်လွင်ဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာပဲ ကလပ်အသင်းနဲ့ ကစားသမားက သူတို့ရဲ့လူမှုကွန်ရက်တွေကနေ တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး မောင်မောင်လွင်က ပြည်ပထွက်ကစားသွားဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Photo : Mg Mg Lwin Facebook Page
ရန်ကုန်နဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ မောင်မောင်လွင်ဟာ တောင်ပံတိုက်စစ်၊ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ကာ လက်ရှိမှာတော့ သူ့ရဲ့အေးဂျင့်အဖြစ် မြန်မာစပါယ်ရှယ်အေဂျင်စီတည်ထောင်သူ ကိုရဲနိုင်ဝင်းနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Photo : Mg Mg Lwin Facebook Page
Duwun Sports က ကိုရဲနိုင်ဝင်းနဲ့ သီးသန့်မေးမြန်းခဲ့ရာမှာတော့ "ဟုတ်ပါတယ်၊ ဒီနေ့မှာ ကစားသမားနဲ့ ကလပ်က နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းခဲ့ကြပါတယ်၊ ဒါကလည်း ကလပ်အသင်းက ကစားသမားရဲ့ အနာဂတ်ကို တွေးပေးပြီးတော့ လုပ်ပေးခဲ့တာပါ၊ အခုတော့ မောင်မောင်လွင်က ကျွန်တော်နဲ့ လက်တွဲထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
မောင်မောင်လွင်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာလည်း "သူက အရင်ကတည်းက ပြည်ပက ကမ်းလှမ်းမှုတွေရထားခဲ့တာပါ၊ သူကိုယ်တိုင်လည်း သွားကစားဖို့ ဆန္ဒရှိခဲ့ပါတယ်၊ ဒါပေမယ့် ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးနောက် သူ မပြောင်းရွှေ့ခဲ့ဖြစ်ဘူး၊ အခုကျတော့ လိဂ်ကရပ်နားထားတယ်၊ ပြန်စဖို့အတွက်ကလည်း မသေချာသေးတဲ့ အခြေအနေဖြစ်နေတာပေါ့၊ ကစားသမားတွေဆိုတာကလည်း အသက်အရွယ်ရှိတုန်းမှာ ကြိုးစားရတာဆိုတော့ သူ့အတွက်လည်း သူ စိုးရိမ်တာပေါ့၊ အဲဒါကြောင့် ညှိနှိုင်းပြီးဖျက်သိမ်းခဲ့ကြတာပါ"
Photo : Mg Mg Lwin Facebook Page
"သူ့ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ မလေးရှားစူပါလိဂ်က ထိပ်တန်းအသင်းကြီးတသင်းပါတယ်၊ ထိုင်းလိဂ်က နှစ်သင်း၊ သုံးသင်းလောက်ရှိတယ်၊ ထိုင်းထိပ်တန်းလိဂ်ကပါ၊ ဒါပေမယ့် အပြောင်းအရွှေ့ကတော့ ဆူဇူကီးပြိုင်ပွဲပြီးမှ ပိုဖြစ်လာနိုင်ပါတယ်၊ သူသာ အဲဒီမှာ ခြေစွမ်းပြနိုင်ရင် ပိုပြီးတော့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေရှိလာမှာပါ၊ အခုကတော့ အစ်ကိုတို့ကလည်း သူ့ရဲ့အကျိုးခံစားခွင့်နဲ့ ပုံမှန်ကစားခွင့်ရမယ့်ဟာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်" လို့ ကိုရဲနိုင်ဝင်းက ဆိုပါတယ်။
Photo : Mg Mg Lwin Facebook Page
မောင်မောင်လွင်ကတော့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ "ပြောမယ်ဆို မောင်မောင်လွင်က ပြည်တွင်းအကောင်းဆုံးကစားသမားထဲက တစ်ယောက်ပါ၊ အောင်သူတို့နဲ့ မတိမ်းမယိမ်းကစားသမားဖြစ်နေတာပါ၊ ဒီတော့ အစ်ကိုတို့က သူနဲ့ သင့်တော်မယ့်အသင်းကို သေချာလေးရွေးချယ်ပေးသွားမှာ၊ သူ့လိုကစားသမားတစ်ယောက်က ပွဲမကစားရဘူးဆိိုရင် လက်ရွေးစင်အသင်းအတွက်ရော၊ သူ့အတွက်ရော အများကြီးနစ်နာတာပေါ့" လို့ ကိုရဲနိုင်ဝင်းက သူ့ရဲ့ကစားသမားအပေါ် သုံးသပ်မှုကို ပြောဆိုခဲ့ပါတယ်။