ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေးအသင်းအားလုံးကို လိုင်စင်မဲ့ယာဉ်တွေသုံးစွဲခွင့်တားမြစ်လိုက်သလို အသင်းအဖွဲ့တွေအနေနဲ့ မှတ်ပုံတင် မရှိပါက မှတ်ပုံတင်ရန်၊ မှတ်ပုံမတင်လိုပါက အသင်းကိုဖျက်သိမ်းရမယ်ဆိုပြီး တိုင်းတာဝန်ရှိသူတွေက ညွှန်ကြားထားတယ်လို့သိရပါတယ်။
လူမှုရေးအသင်းအဖွဲ့အားလုံးမှာ လိုင်စင်မဲ့ကားတွေသာ အများဆုံးရှိပြီး လိုင်စင်ရှိကားက နည်းတယ်လို့သိရပါတယ်။
ဒါကြောင့် လှိုင်သာယာမြို့နယ်မှာရှိတဲ့ လူမှုရေးအသင်းအားလုံးနီးပါးကတော့ လုပ်ဆောင်နေတဲ့ ပရဟိတလုပ်ငန်းတွေကိုရပ်နားဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။
"လှိုင်သာယာမှာ ယာဉ်တွေအားလုံးက လိုင်စင်နဲ့ မရှိဘူး၊ အသင်းမှတ်ပုံတင်မရှိတဲ့အသင်းတွေလည်းရှိတယ်၊ မှတ်ပုံတင်ရှိတဲ့အသင်းက ၁၉ သင်းလောက်ပဲရှိတယ်။ခုလိုင်စင်မဲ့ကားသုံးခွင့်ပိတ်တော့အသင်းတွေအကုန်လုံးက နားမယ်ဆိုပြီးဆုံးဖြတ် တာပေါ့။ လူထုအတွက်အများကြီးနစ်နာတယ်။ လူမှူရေးသမားတွေအတွက် အရမ်းဒုက္ခရောက်ပါတယ် " လိူင်သာယာမြို့နယ်က လူမှုရေးအသင်းတခုမှ တာဝန်ရှိသူကပြောပါတယ်။
ရန်ကုန်တိုင်းထဲက ကျန်မြို့နယ်တွေမှာလည်း လိုင်စင်မဲ့ကားသာရှိတဲ့ လူမှုရေးအသင်းတွေ ရပ်နားဖို့ရှိကြောင်း ၊ လိုင်စင်နဲ့ကားရှိသူတွေကတော့ ရှိတဲ့ကားနဲ့ပဲ ကူညီရေးတွေဆက်လုပ်သွားမယ်လို့သိရပါတယ်။
"ကျွန်တော်တို့ကတော့ ဒီမှာရှိတဲ့လိုင်စင်နဲ့ကားကိုပဲ ဆက်သုံးရတော့မှာပေါ့။ ခွင့်မပြုဘူးဆိုရင် ခွင့်ပြုတဲ့ကားပဲဆက်လုပ်ရမယ်ပေါ့ အဲဒီလိုစဉ်းစားထားတယ်။ စာတွေကတော့ထွက်ထားတယ်ပြောတယ်။ ကျွန်တော်တို့အပိုင် အုပ်ချုပ်ရေးမှူးဆီလည်းရောက်နေပြီလို့ပြောတယ်။ လိုင်စင်ရှိကားနဲ့ပဲဆက်ပြီးကူညီမှုလုပ်ရမှာပေါ့။ အသင်းတော်တော်များများကတော့ လိုင်စင်မဲ့ကားတွေကများပါတယ်။ တချို့အသင်းတွေမှာတော့လည်း လိုင်စင်ရှိကားတွေရှိပါတ် " လို့ လှည်းကူးမြို့နယ်ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူကပြောပါတယ်။
တာဝန်ရှိသူတွေက ခရိုင်မြို့နယ်အလိုက် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်း တွေနဲ့ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေနဲ့အညီမှတ်ပုံတင်ရန်၊ မှတ်ပုံတင်းလိုခြင်းမရှိပါကဖျက်သိမ်းရန် ၊ လိုင်စင်မရှိယာဉ်ကိုလည်း သုံးစွဲခွင့်မပြုရန် စာထုတ်ပြန်အကြောင်းကြားထားပါတယ်။
ဒါ့ကြောင့်လူမှုကူညီရေးအသင်း တွေအနေနဲ့လိုင်စင်မဲ့ကား တွေအသုံးပြုခွင့်မရှိတော့ကြောင်းနဲ့ အသင်းမှတ်ပုံမတင်ပါက အသင်းဖျက်သိမ်းဖို့ ထုတ်ပြန်ထားတဲ့အကြောင်းကို သိရှိကြောင်း တရားဝင်လက်မှတ်ရေးထိုးထားရတယ်လို့ သိရပါတယ်။
Share