မန်ချက်စတာယူနိုက်တက်လူစာရင်းထဲက ကစားသမားအချို့ဟာ အသင်းက လိုကိုမိုးတစ် မော်စကို အားကစားနဲ့ ဖွံ့ဖြိုးရေးအကြီးအကဲ ရာ့ဖ် ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြတယ်လို့ metro က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှား ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ဟာ လက်ကျန်ရာသီကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နိုင်မယ့် နည်းပြအများအပြားနဲ့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီနဲ့ လိုင်ယွန် နည်းပြဟောင်း ရူဒီ ဂါစီယာတို့နဲ့လည်း စကားပြောခဲ့ပေမယ့် ယခုအပတ်အစမှာ စကားပြောဆိုခဲ့တဲ့ကာလအတွင်း ရန်းနစ်က ယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ အထင်ကြီးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရန်းနစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် တရားဝင်ကြေညာခံရဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုး နည်းပြဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့အကြံပေးအဖြစ် ၂ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကစားသမားအချို့ဟာ ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်မှုနဲ့ပတ်သက်ပြီး လူချင်း သို့မဟုတ် ကစားသမားတွေရဲ့ WhatsApp ဂရုထဲမှာ ဆက်သွယ်ပြောဆိုခဲ့တာမျိုးမရှိဘဲ အမှောင်ချခံထားခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ကြတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ အိုးထရက်ဖို့ဒ်မှာ ရန်းနစ် ရောက်ရှိလာပြီး ဘယ်လို ကစားဟန်မျိုး သွတ်သွင်းသွားဖို့ အစီအစဉ်ရှိနေလဲဆိုတာကို စိတ်ဝင်စားနေတယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ရန်းနစ်အနေနဲ့ ပရီးမီးယားလိဂ်ဖလား သို့မဟုတ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင် ဆုကြေးငွေ ရရှိသွားဖို့ ရှိနေပြီး ယူနိုက်တက်က လိုကိုမိုးတစ် မော်စကိုအသင်းကို ၎င်းတို့ရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေးအကြီးအကဲအတွက် လျော်ကြေးပေးသွားမှာမဟုတ်ဘူးလို့လည်း The Times ရဲ့သတင်းက ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက ဝက်စ်ဟမ်းရဲ့အနောက် ၆ မှတ်အကွာမှာ ရပ်တည်နေရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။