ဂျာမန် ဘောလုံးလောကအကြောင်းကောင်းကောင်းသိတဲ့ ဆန်ချိုတယောက် ရန်းနစ်ဂ်လက်ထက်မှာ အောင်မြင်မယ်လို့ ဆိုနေတာပါ။

ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ဂျေဒွန်ဆန်ချိုဟာ ရန်းနစ်ဂ်လက်ထက်မှာ အမှန်တကယ် တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားတယောက်ဖြစ်တယ်လို့ ဘွန်ဒက်စ်လီဂါ ကျွမ်းကျင်သူ ကီဗင်ဟက်ချက်ကဆိုပါတယ်။ ယူနိုက်တက်ဟာ ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် (၆) လစာချုပ်နဲ့ ခန့်အပ်ဖို့ မနေ့က သဘောတူညီမှုရရှိခဲ့ပြီးပါပြီ။ 



ဒီလိုမျိုး ရန်းနစ်ဂ်ရောက်လာတာက ယူနိုက်တက်အတွက် အပေါင်းလက္ခဏာဆန်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာမယ်လို့ မျှော်လင့်နေကြပြီး အထူးသဖြင့် သူ့ရဲ့ ကစားဟန်ကြောင့် အသင်းက ပုံမှန်ထက် စိတ်လှုပ်ရှားဖို့ ပိုကောင်းလာမယ်လို့ သုံးသပ်နေကြတာပါ။ ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားပါ။

ဒါပေမယ့် သူ့အနေနဲ့ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ တဂိုးမှမသွင်း၊ တဂိုးမှမဖန်တီးနိုင်ခဲ့ဘဲ ဆိုးလ်ရှားထွက်သွားပြီး ပထမဆုံး ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်ပွဲမှ အသင်းအတွက် တဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဆန်ချိုနဲ့ ပတ်သက်လို့ ကီဗင်ဟက်ချက်က “ဆန်ချိုက ဒီနည်းပြအပြောင်းအလဲမှာ အကျိုးအရှိဆုံးဖြစ်မှာပါ”

“သူက ဂျာမန်ဘောလုံးလောကကို ကောင်းကောင်းရင်းနှီးခဲ့တော့ ပြိုင်ဘက်ကို ဘယ်အချိန်မှာ ဖိအားပေးရမယ်၊ မပေးရဘူး ကောင်းကောင်းသိပြီးသားပါ။ ဆန်ချို ယူနိုက်တက်မှာ ရုန်းကန်နေရတာ အသေးစိတ်ကျတဲ့ ညွှန်ကြားချက်တွေမရှိတာကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် ရန်းနစ်ဂ်ကစားချင်တဲ့ပုံစံနဲ့ သူက အပြီးပြည့်စုံဆုံးပါပဲ”

“ဆန်ချိုက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန် ချမှတ်နိုင်ပါတယ်။ သူက ရန်းနစ်ဂ် ကစားချင်တဲ့ ပုံစံမျိုးကို ဆာလောင်နေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရန်းနစ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲအဖြစ် အာဆင်နယ်နဲ့ အိမ်ကွင်းပွဲကို တာဝန်ယူရမှာဖြစ်ပြီး အဲ့ဒီပွဲကျရင် ယူနိုက်တက်မှာ ဘယ်လိုမျိုးတွေ ပြောင်းလဲလာမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က