ရန်းနစ်ဂ်နဲ့ပတ်သက်လို့ ကလော့ပ်က ချီးကျူးစကားပြောကြားခဲ့တာပါ။

ယူနိုက်တက်ဟာ ဂျာမန်ဘောလုံးလောကရဲ့ အကျော်အမော်တယောက်လို့ဆိုရမယ့် ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ ဒီနည်းပြဟာ ဂျာမန်ဘောလုံးလောကမှာ ကလော့ပ်၊ တူချယ်လ်၊ နာဂျယ်လ်စမန်းတို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးပြီး ဒီနည်းပြတွေ အသက်သွင်းနေတဲ့ ကစားဟန်က ရန်းနစ်ဂ်ဆီက စီးဆင်းလာတယ်လို့ဆိုထားတာပါ။



ရန်းနစ်ဂ်ဟာ ပုံမှန်အားဖြင့် ယာယီနည်းပြရာထူးတွေကို လက်ခံလေ့မရှိဘဲ (၂၀၂၁) အစောပိုင်းကလည်း ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ယာယီနည်းပြအဖြစ် ကမ်းလှမ်းခဲ့တာကြောင့် ငြင်းဆန်ပယ်ချခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ရန်းနစ်ဂ်က ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ကမ်းလှမ်းမှုကို လက်ခံခဲ့တာက နောက်ထပ် (၂) နှစ် အသင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်နေနိုင်မှာဖြစ်သလို အသင်းရဲ့ တိုးတက်ရေးတွေကိုလည်း ဆောင်ရွက်နိုင်မှာကြောင့်လို့ သုံးသပ်ရပါတယ်။

ဒီလိုမျိုး ရန်းနစ်ဂ်ရောက်လာတဲ့အပေါ်မှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ “ကံမကောင်းစွာနဲ့ပဲ ယူနိုက်တက်ကို နည်းပြကောင်းတယောက် ရောက်လာခဲ့ပါပြီ။ ရန်းနစ်ဂ်က တကယ်ကို အတွေ့အကြုံရှိတဲ့ နည်းပြတယောက်ပါ။ သူက ဂျာမနီမှာလည်း အသင်းငယ်အဆင့်ကနေ အသင်းကြီးတွေကို ခြိမ်းခြောက်ရင်း နာမည်ကြီးလာတဲ့ ဟော့ဖန်းဟိမ်း၊ လိုက်ပ်ဇစ်တို့လို အသင်းတွေကို တည်ဆောက်ခဲ့ပါတယ်”

“ဘောလုံးလောကမှာ မတူကွဲပြားတဲ့ အလုပ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် သူ ပထမဆုံး စိုးရိမ်လေ့ရှိတာက နည်းပြလုပ်ဖို့၊ မန်နေဂျာလုပ်ဖို့ပါ။ ဒါကပဲ သူ့ရဲ့အကောင်းဆုံး အရည်အချင်းဆိုတာ သေချာပါတယ်။ ကမ္ဘာပေါ်မှာရှိသမျှ နည်းပြတိုင်းက သူတို့အသင်းတွေနဲ့ လေ့ကျင့်ခန်းဆင်းဖို့ အချိန်လိုအပ်ပါတယ်”

“ဒါပေမယ့် အခု ဒီမှာ အဲ့ဒီအတွက် အချိန်မရှိတာကို ရန်းနစ်ဂ် လျင်လျင်မြန်မြန်နဲ့ သတိထားမိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တချိန်လုံးပွဲကစားနေရတာလေ။ အဲ့ဒါကြောင့် သူ့အတွက် နည်းနည်းတော့ စိတ်ရှုပ်ထွေးစရာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူက တကယ်ကောင်းတဲ့လူ၊ အရမ်းထူးချွန်တဲ့ နည်းပြတယောက်ပါ” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ 

Share

က္က