ဟာလန်းက ဒိုင်ဗင်ထိုးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ မန်စီးတီးတို့ရဲ့ ရန်ပုံငွေခြေစမ်းပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတယောက် ပင်နယ်တီရရှိဖို့ ဒိုင်ဗင်ထိုးခဲ့တဲ့အပေါ် ပရိသတ်တွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ တဖက်သုံးဂိုးစီ သရေကျခဲ့ပြီး ပွဲအပြီး မိနစ် (၉၀) ပြည့်တဲ့အထိ ဘာစီလိုနာက မန်စီးတီးကို ၃-၂ ဂိုးနဲ့ ဦးဆောင်ထားတာပါ။



ဒီပွဲမှာ အိမ်ရှင် ဘာစီလိုနာအတွက် ဂိုးတွေကို အူဘာမီးယန်း၊ ဒီဂျောင်၊ ဒီပိုင်းတို့က သွင်းယူပေးခဲ့ပြီး မန်စီးတီးအတွက် ဂိုးတွေကိုတော့ အယ်လ်ဗာရက်ဇ်၊ ပါလ်မာ နဲ့ နောက်ဆုံးမိနစ်ရဲ့ အချိန်ပိုမှာရရှိခဲ့တဲ့ ပင်နယ်တီကို မာရက်ဇ်က ကန်သွင်းကာ ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒီလိုမျိုး မာရက်ဇ်ရဲ့ ပင်နယ်တီရရှိသွားတဲ့ အနေအထားအပေါ် ပရိသတ်တွေက ဟာလန်းကို ဝေဖန်နေကြပါတယ်။

ဟာလန်းဟာ ပင်နယ်တီဧရိယာထဲမှာ ပြိုင်ဘက် နောက်ခံလူ ခရစ္စတန်ဆန်နဲ့ နည်းနည်းလေးသာ ထိမိခဲ့ပေမယ့် လှဲချခဲ့ပြီး မန်စီးတီးအတွက် ပင်နယ်တီယူသွားခဲ့တာပါ။ ဟာလန်းနဲ့ ခရစ္စတန်ဆန်တို့ မဆိုစလောက်လေးသာ ထိခဲ့တယ်လို့ ပရိသတ်တွေကလည်း ယူဆနေကြပြီး ဟာလန်းရဲ့ အပြုအမူနဲ့ပတ်သက်လို့ ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျိုးစုံဝေဖန်နေကြပါတယ်။

ပရိသတ်တွေက “ဒါက ဘယ်လိုဖြစ်လို့များ ပင်နယ်တီဖြစ်သွားရတာလဲ? ဟာလန်းတယောက် ဒီဒိုင်ဗင်အတွက် ရွှေတံဆိပ်ဆုပါ ရသင့်ပါတယ်” “ဟာလန်းရေ မင်းဘာလို့ ဒီလောက်တောင် အရှက်မရှိ ဒိုင်ဗင်ထိုးရတာလဲ။ ငါ တခါမှ ဒါမျိုးမမြင်ခဲ့ဖူးဘူး” “ဟာလန်းအနေနဲ့ ဒီဒိုင်ဗင်ထိုးမှုအတွက် အနီကတ်ပြခံရသင့်ပါတယ်” လို့ အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဥ် (၃) ပွဲ ကစားပြီးချိန်မှာ မန်စီးတီးအတွက် (၃) ဂိုး သွင်းယူထားတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဥ်တွေမှာတုန်းကလည်း ပီအက်စ်ဂျီ ကြယ်ပွင့် နေမာတယောက် ဂျပန်မှာခြေစမ်းပွဲကစားရင်း ဒိုင်ဗင်ထိုးပင်နယ်တီယူခဲ့ပြီး အဲ့ဒီပင်နယ်တီကို သူကိုယ်တိုင်ပဲ ကန်သွင်းယူသွားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က